သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခဒေသအတွင်း အမျိုးသမီးများ၏ လုံခြုံရေးကို ရာနှုန်းပြည့် လုံခြုံမှုပေးထားကြောင်း ULA/AA ပြော

AB News – သြဂုတ်လ ၁၁၊ ၂၀၂၅
မျိုးဟိန်း

အာရက္ခတပ်တော် ထိမ်းချုပ်ထားသည့် အာရက္ခဒေသအတွင်း အမျိုးသမီးများအပေါ် ဥပဒေအရလုံခြုံမှု ရာနှုန်းပြည့် ပေးထားကြောင်း ယနေ့ ULA/AA ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

အဓမ္မပြုကျင့်မှုကို ကျူးလွန်သည့် တရားခံများကိုလည်း ဒေသအလိုက်သက်ဆိုင်ရာ တရားရုံးလုပ်ထုံးလုပ်နည်း နှင့် အညီ အရေးယူဆောင်ရွက်နေကြောင်း သူက ဆိုသည်။

“ကျနော်တို့ထိန်းချုပ်မြို့နယ်တွေမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေတွေက ၁၀၀ ရာခိုင်နှုန်းရှိပါတယ်။ ဘာလို့လည်းဆိုတော့ စစ်ကောင်စီထိန်းချုပ်ခဲ့တာနဲ့ ကျနော်တို့ ULA/AA ထိန်းချုပ်နေတဲ့ အခြေအနေတွေကို နှိုင်းယှဥ်ကြည့်ရင် ပြည်သူ့လုံခြုံရေး၊ အမျိုးသမီးလုံခြုံရေးတွေက သိသိသာသာတိုးတက်လာတာကိုသိနိုင်တယ်။ ဥပဒေအရ လိုအပ်တဲ့ကာကွယ်မှု အပြည့်ရှိပါတယ်” ဟု ပြောသည်။

စစ်ကောင်စီအုပ်ချုပ်စဥ်ကာလ အာရက္ခဒေသအတွင်း ပြည်သူများအပေါ် စစ်ကောင်စီမှဥပဒေမဲ့ မတရားဖိနှိပ်အုပ်ချုပ်မှု၊ သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ပြီး အာရက္ခတပ်တော်အနေဖြင့် ဥပဒေမဲ့သတ်ဖြတ်မှုများကို မကျူးလွန်သည့် အပြင် သက်ဆိုင်ရာတရားရုံး၏ မျှတသော တရားစီရင်ချက်အတိုင်းသာ လိုက်နာဆောင်ရွက် အရေးယူနေကြောင်း သူက ထပ်လောင်းပြောသည်။

“စစ်ကောင်စီအဆက်ဆက်ခေတ်မှာ ဥပဒေပြင်ပ အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ရှိတယ်။ စစ်တပ်က ဖမ်းသွားတယ်။ တရားရုံးကို မရောက်လိုက်ဘူး။ သူတို့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးသွားတာတွေ အများကြီး ရှိခဲ့တယ်” ဟု ဆိုသည်။

ထို့အပြင် ULA/AA အနေဖြင့် အပြစ်ကျူးလွန်သူများကိုလည်း ပြစ်မှုနှင့်ပတ်သက်ပြီး တရားဥပဒေနည်း အတိုင်း စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့မှာ မုဒိန်းမှုတွေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကျူးလွန်သူ တရားခံကိုဖမ်းရပြီဆိုတာနဲ့ ကျနော်တို့က တရားရေးလုပ်ထုံးလုပ်နည်းနဲ့အညီ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေက သူ့ကို တရားစွဲတင်ရပါတယ်။ တရားစွဲတင်ပြီးမှ ကျူးလွန်မှု မှန်/မမှန် ကို တရားရုံးမှာ သေသေချာချာစီစစ်ပါတယ်။ ကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုမှ ကျနော်တို့က သူ့ကို အပြစ်ပေးရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း အာရက္ခတပ်တော်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ထိန်းချုပ်မြို့နယ်အချို့အတွင် အဓမ္မပြုကျင့်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်သူတရားခံများကို တရားဥပဒေအရအရေးယူဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သဖြင့် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ