
AB News – သြဂုတ် ၆၊ ၂၀၂၅
မျိုးဟိန်း
အမ်း-ပဒါန်း စစ်မြေပြင်မှ စစ်ကောင်စီတပ်သား တစ်ဦး ဇူလိုင်လ ၂၇ ရက်နေ့တွင် အာရက္ခတပ်တော်ထံအလင်းဝင်လာကြောင်း ULA/AA မှ သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ အလင်းဝင်လာသူမှာ တပ်သား နေသူရမျိုးဖြစ်ပြီး ကိုယ်ပိုင်အမှတ် – ပစ/၁၄၇၅၅၁ ဖြစ်သည်။
နေသူရမျိုးသည် တပ်မ ၉၉ လက်အောက်ခံ၊ ခမရ ၁၅ တပ်ရင်းတွင် တာဝန်ထမ်းဆောင်းခဲ့ပြီး စစ်ကောင်စီ၏ အမ်း-ပဒါန်းစစ်မြေပြင်သို့ ပို့ဆောင်ခံပြီး တာဝန်ထမ်းဆောင်နေစဥ် AA ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အမ်း-ပဒါန်း စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဥ် အထက်အရာရှိများ၏ နိုင်ထက်စီးနင်းအနိုင်မှုများ ခံခဲ့ရကြောင်း တပ်သား နေသူရမျိုးက ပြောသည်။
တပ်သား နေသူရမျိုးသည် မကွေးတိုင်းဇာတိဖြစ်ပြီး ရန်ကုန်တွင်အလုပ်လုပ်နေစဥ် သူငယ်ချင်းဖြစ်သူမှ စစ်ကောင်စီ၏ တပ်သားစုဆောင်းရေးသို့ လူကုန်ကူးခံခဲ့ရသူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
ULA/ AA ၏ လက်နက်ကြီးတိုက်ခိုက်မှု အပါအဝင် ဒရုန်းထိခိုက်မှုများနှင့် စနှိက်ပါ ပစ်ခတ်မှုများကြောင့် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သားအများအပြားလည်း သေဆုံးမှုများရှိကြောင်း ထုတ်ပြန်ချက်ပါ ထွက်ဆိုချက်တွင် ပြောဆိုထားသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ နှင့် ဇူလိုင်လ အတွင်းတွင်လည်း စစ်ကောင်စီ၏ တပ်တွင်းနိုင်ထက်စီးနင်း အနိုင်ကျင့်မှုများကြောင့် စစ်ကောင်စီ၏ အမ်း-ပဒါန်း စစ်မြေပြင်နှင့် စစ်တွေစစ်မြေပြင်များမှ တပ်သား ၃ ဦး ULA/AA ထံ အလင်းဝင်လာခဲ့သည်။
မြန်မာပြည်အနှံ့ စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်နိုင်သည့် တိုင်း၊ မြို့နယ် များတွင်သာ ဒေသခံပြည်သူများကို အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုများကို လုပ်ဆောင်နေသည်။
စစ်ကောင်စီထိန်းချုပ်ရာ တိုင်းဒေသကြီး၊ မြို့နယ်များတွင် အတင်းအဓမ္မတပ်သားသစ်စုဆောင်းနေမှုများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့တွင်လည်း စစ်တွေမြို့၊စက်ရုံစုရပ်ကွက်ကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဧည့်စရင်းဝင်စစ်ကာ ဒေသခံပြည်သူ ၃ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ ပြောသည်။