သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ ဒေသခံ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး

AB News – သြဂုတ် ၅၊ ၂၀၂၅
မျိုးဟိန်း

ဩဂုတ် ၃ ရက်နေ့က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၃၆ နှစ်အရွယ် ဒေါ်မဦးခင်၊ အသက် ၂၃ နှစ်အရွယ် ကိုဝင်းမင်းဇော်နှင့် အသက် ၂၄ နှစ်အရွယ် ကိုအောင်ကျော်ဌေးတို့ ဖြစ်ကြသည်။

ဩဂုတ်လ ၃ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်သည် စက်ရုံစုရပ်ကွက်အတွင်း ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ၎င်းတို့ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညအချိန်မှာ အင်အားအများကြီးနဲ့ ဧည့်စာရင်းစစ်ဖို့ ရောက်လာပြီး အိပ်နေတဲ့သူတွေကို နှိုးပြီး အိမ်ထဲဝင်စစ်တယ်။ ပြီးတော့ သူတို့ကို ဖမ်းသွားကြတာပါပဲ” ဟု ဆိုသည်။

စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ညအချိန် ကင်းလှည့်ခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို မကြာခဏ ပြုလုပ်နေပြီး ဖမ်းဆီးရမိသူများကို စုဆောင်းရေးစခန်းသို့ ပို့ဆောင်လေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း စစ်တွေမြို့၊ နန္ဒာရာမဘုန်းကြီးကျောင်းတွင် နေထိုင်သူ ကိုသောင်းမင်း (ခ) လင်းယုန် (၃၈ နှစ်) ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

လက်ရှိအခြေအနေအရ စစ်ကောင်စီသည် စစ်တွေမြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများကိုမူ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။

ထို့အပြင် ဇူလိုင်လ တတိယပတ်တွင် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းရှိ ရှေ့တန်းကင်းစခန်းများတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားဖြည့်တင်းခြင်းနှင့် စစ်အင်အားရွှေ့ပြောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ