သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်တွင် ဆယ်ကျော်သက်အရွယ် ၁ ဦး ရေနစ်သေဆုံး

AB News – သြဂုတ် ၅၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်ကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က အသက် ၁၂ နှစ်အရွယ် မောင်ခိုင်စော်မင်း ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

မောင်ခိုင်စော်မင်းသည် ထိုနေ့ ညနေ ၂ နာရီ ၃၀ မိနစ်ခန့်တွင် သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားနေစဉ် ဘောလုံးမှာ ရေကန်ထဲသို့ ကျသွားခဲ့၍ ဘောလုံးကို သွားရောက်ကောက်ယူစဉ် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” သူက ညနေဘက် သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေကြတာ။ ဘောလုံးက ရေကန်ထဲကို ကျသွားလို့ သွားကောက်ရာမှာ ရေနစ်သွားတာ ” ဟု ဆိုသည်။
သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် မိသားစုဝင်များက ၎င်းကို သင်္ဂြိုဟ်ပေးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောရွာမှ အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းဦး သည် ကျွန်းပေါ်ပေါက်တောရွာမှ ခွဆုံရွာသို့ ချောင်းဖြတ်ကူးစဉ် ရေစီးသန်သဖြင့် ရေနစ်သေဆုံးခဲ့သည်။

AB News ၏ သတင်းမှတ်တမ်းများအရ ယခုနှစ် မိုးရာသီကာလအတွင်း ရက္ခိုင်ဒေသတွင် ရေနစ်သေဆုံးသူ ၂၂ ဦးအထိ ရှိနေပြီဖြစ်ပြီး ဇူလိုင်လတစ်လတည်းတွင် ၁၀ ဦးအထိရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မိုးတွင်းကာလဖြစ်သောကြောင့် ရက္ခိုင်ဒေသတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့ကြောင့် ရေစီးသန်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းများကြောင့် အသက်အန္တရာယ် မထိခိုက်စေရန် မြစ်၊ ချောင်း၊ ကမ်းနားများတွင် သတိထားနေထိုင်သွားလာကြရန် ဒေသဆိုင်ရာအာဏာပိုင်များက ပြည်သူများကို သတိပေးနှိုးဆော်ထားသည်ကိုလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ