သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA တိုက်ခိုက်မည်ကို စိုးရိမ်၍ စစ်တွေတွင် စစ်ကောင်စီ တပ်အင်အားဖြည့်တင်း

AB News – ဇူလိုင် ၂၈၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော် (AA) တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မြို့ပေါ်ရှိ ရှေ့တန်းစခန်းများသို့ တပ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်တွေအခြေစိုက် အမြောက်တပ်ရင်းမှလည်း အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် စစ်တွေမြို့အတွင်းရှိ ကန့်ကော်ကျွန်း၊ ဇော်မတက်၊ သုံးဆောင်ရွာစခန်းတို့အပြင် ပါဒလိတ်နှင့် အမြင့်ကျွန်းကျေးရွာများအနီးရှိ ၎င်းတို့၏ အခြေစိုက်တပ်ရင်းများသို့ လက်နက်နှင့် လူအင်အား အလုံးအရင်းဖြင့် ဖြည့်တင်းလျက်ရှိသည်။

ဒေသခံတစ်ဦးက “ဒီသီတင်းပတ်အတွင်း စစ်တွေမြို့အနီးမှာ စစ်တပ်ဟာ လက်နက်အင်အား၊ လူအင်အား အလုံးအရင်းနဲ့ ဖြည့်တင်းနေပါတယ်။ ပြီးတော့ မြို့အနီးနားက ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးဝင်ရောက်တာတွေလည်း လုပ်နေပါတယ်”ဟုဆိုသည်။

လက်ရှိတိုက်ပွဲများတွင် စစ်ကောင်စီသည် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက် နံနက် ၁၁ နာရီကျော်အချိန်က ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အဦးအချို့ ပြိုကျပျက်စီးခဲ့ရသည်။

ထို့ပြင် ဇူလိုင် ၁၂ ရက်နေ့ကလည်း စစ်တွေမြို့ပေါ်ရှိ တပ်ရင်းမှ ပေါက်တောမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပေါက်တောမြို့နယ်၊ မင်းတဲ့ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ ပုံမှန်ပြုလုပ်နေပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးမှုများလည်း ရှိနေကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ