သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး

AB News – ဧပြီ ၂၅၊ ၂၀၂၅

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို ယနေ့နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၈ လုံးပါဝင်သည့် တိုက်ခိုက်မှုကို ၅ ကြိမ်တိုင် ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

သေဆုံးသူများမှာ လိပ်ခမော်ကျေးရွာမှ ဒေါ်ချောစု၏ သမီး အသက် ၁၁ နှစ်အရွယ် မမေသဇင်ခိုင်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ချောစုနှင့် အသက် ၄၇ နှစ်အရွယ် ဒေါ်သိန်းသိန်းအေးတို့ ဖြစ်ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးအနားတွင် အလုပ်လုပ်နေသော ဒေါ်သိန်းသိန်းအေး၊ ဒေါ်ချောစုနှင့် သမီး မမေသဇင်ခိုင်တို့ နေရာတွင်ပင် သေဆုံးခဲ့ပြီး အနီးရှိ ကား ၁ စီးနှင့် ထော်လာဂျီ ၁ စီးလည်း ပျက်စီးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက AB News သို့ ပြောသည်။

“ဒီနေ့ မနက်က ကျမတို့ရဲ့ လိပ်ခမော် အနောက်တောင်ဘက်နားကို ဒရုန်းနဲ့လာပစ်တာ ၅ ကြိမ်ဆက်တိုက် ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်။ အနီးအနားမှာ အလုပ်လုပ်နေကြတဲ့ သားအမိ ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး နေရာမှာပင် သေဆုံးသွားခဲ့ရတယ်” ဟု ဆိုသည်။

ထို့ပြင် ယမန်နေ့ နေ့လည်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ရေနံတောင်ကျေးရွာကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် စစ်ကောင်စီက ရက္ခိုင်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ထိ ပြုလုပ်ခဲ့ရာပြည်သူ ၁ ဦးသေဆုံးပြီး ၂၈ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း HDCO က ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ