သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ရက္ခိုင် နှင့် ရှမ်းမြောက်တွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေပြီး အပစ်အခတ် ထပ်တိုးရပ်စဲ ကြောင်းပြော

AB News – ဧပြီ ၂၃၊ ၂၀၂၅

စစ်ကောင်စီက ရက္ခိုင် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင် ၎င်းတို့၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကြေညာချက်ကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အင်အားပြင်းထန်သော ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သော ပြည်သူများအပေါ် စာနာထောက်ထားသောအားဖြင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုအာရုံစိုက်နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲမှုကို ဧပြီလ ၃၀ ရက်နေ့အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း စစ်ကောင်စီသည် ယခင်က ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ကြိမ် အပစ်အခတ်ရပ်စဲထားခဲ့ပြီးဖြစ်ကာ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက် အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းဖြစ်သည်။

ဤသို့ အပစ်ရပ်ထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပါက လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက သတိပေးထားသည်။

စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကြေညာချက်နှင့် ဆန့်ကျင်စွာပင် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ နှင့် ၁၈ ရက်နေ့တို့တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ ပြည်သူများနေထိုင်သည့် ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၄ လုံး အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်က သတင်းထုတ်ပြန်ခဲ့သည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲကြောင်း အမည်ခံကြေညာထားသော်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားများနေထိုင်သည့် နေရာများသို့ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများမှာလည်း ပိုမိုများပြားလာကြောင်း သိရသည်။

စစ်ကောင်စီ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြေညာချက်နှင့် မြေပြင်တွင် ဖြစ်ပျက်နေသော အခြေအနေများမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပြည်သူများက ထောက်ပြပြောဆိုနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ