
AB News-မတ် ၁၀၊ ၂၀၂၅
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် အရေပြားရောဂါခံစားနေရသည့် စစ်ရှောင်ပြည်သူများအား အာရက္ခပြည်သူ့ကျန်းမာ ရေးဌာနမှ ကျန်းမာရေးဝန်ထမ်း နှင့် တပ်တွင်း ဆေးတပ်ဖွဲ့များက မတ်လ ၇ ရက်နေ့တွင် ဆေးကုသမှုပြုလုပ်ခဲ့ ကြောင်း သိရသည်။
၎င်းမြို့နယ်ထဲမှ အရေပြားရောဂါခံစားနေရသည့် အမျိုးသမီး ၆၀ ယောက် နှင့် အမျိုးသား ၁၀၄ ယောက်ကို ဆေးကုသပေးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ရက္ခိုင်ပြည်အနှံ့ စစ်ဘေးရှောင်စခန်းများတွင်ရှိသည့် စစ်ရှောင် ပြည်သူအများစုမှာ အရေပြားရောဂါကို နှစ်ရှည်လများ ခံစားနေကြရသည်ကို တွေ့ရသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာများဟောပြောခြင်း၊ လက်ကမ်းစာ စောင်ပေးဝေခြင်းများကို ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အရေပြားရောဂါခံစားနေသည့် ဒေသခံ ပြည်သူ ၂၀၇ ယောက်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးခဲ့သည်။
ထို့အပြင် အာရက္ခပြည်သူ့အစိုးရ နယ်လှည့်ဆေးကုသပေးသည့် အဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုနည်းသည့် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဆေးကုသမှု ဆက်တိုက် ပေးနေကြောင်း သိရသည်။