
AB News – ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅
အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းမှုကြောင့် ဖမ်းဆီးခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို ယမန်နေ့ ညနေပိုင်းအချိန်တွင် AA က ပြန်လွှတ်ပေးခဲ့ကြောင်း AB News က သိရှိရသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အာရက္ခရေပိုင်နက်၌ တရားမဝင် ငါးခိုးဖမ်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းလှေ ၆ စင်းကို အာရက္ခတပ်တော် ကမ်းရိုးတန်းစောင့် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့သည်။
ထိုအထဲမှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်နှင့် နေ့လယ် ၃ နာရီအချိန်ခန့်တွင် ဖမ်းဆီးရရှိခဲ့သည့် ရေလုပ်သား ၁၀ ဦးပါ ငါးဖမ်းလှေ ၂ စင်းနှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်ခန့်တွင် ဖမ်းဆီးရရှိခဲ့သည့် ရေလုပ်သား ၁၉ ဦးပါ ငါးဖမ်းလှေ ၄ စင်းကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၂၉ ဦးကို အာရက္ခတပ်တော် AA က အချိန်အတိုင်းအတာတစ်ခုအထိ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က AA နှင့် ဆက်သွယ်ပြီး ကြားဝင်ဆောင်ရွက်ပေးလာသည့်အတွက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက AB News သို့ ပြောသည်။
“ဖမ်းဆီးရရှိထားတဲ့ ငါးဖမ်းသမားတွေကိုတော့ အာရက္ခတပ်တော် AA က အချိန်အတိုင်းအတာတစ်ခုအထိ ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်တွေက ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ငါးဖမ်းသမား ၂၉ ယောက် ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းငါးဖမ်းသမား ၂၉ ဦးသည် တက္ကနက်ဖ်မြို့နယ် Shah Porir Dwip ရှိ ဆိပ်ခံတံတားမှတစ်ဆင့် ယမန်နေ့ ညနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် မီဒီယာအချို့တွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Dhaka Tribune သတင်းစာတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမား ၂၉ ဦးကို အာရက္ခတပ်တော်က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ဖြစ်ကြောင်း ဖော်ပြထားပြီး ၎င်းငါးဖမ်းသမားများ၏ ကျန်းမာရေးအခြေအနေများကို စစ်ဆေးနေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ဓာတ်ပုံ-UNB