သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News: မောင်တောမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦးအပါအဝင် ခရီးသွားပြည်သူ ၇ ဦးကို ARSA အကြမ်းဖက် အဖွဲ့က ပစ်ခတ်သတ်ဖြတ်၊ ၅ ဦးသေဆုံး

AB News-သြဂုတ် ၁၊ ၂၀၂၄

မောင်တောမြို့နယ်တွင် ခရီးသွားပြည်သူ ၇ ဦးစီးလာသည့် ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ၊ ကျောင်းဆရာမ တစ်ဦးအပါအဝင် ၅ ဦး နေရာတွင် သေဆုံးသွားကြောင်း ကနဦးသိရသည်။

ခရီးသွားပြည်သူများမှာ ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်မှ မောင်တောမြို့နယ် ကြိမ်ချောင်း‌ကျေးရွာသို့ သွားရောက်ကြသူများဖြစ်ကြောင်းသိရသည်။

သေဆုံးသွားသူများမှာ ဘူးသီးတောင်မြို့နယ် အမှတ် ၄ ရပ်ကွက်မှ ကိုဇော်ဇော်မင်း (ခ) ရွှေသက်ကို အသက် ၃၅ နှစ်၊ ကိုအောင်မြတ်စံ အသက် ၂၅ နှစ်၊ ကိုအောင်မျိုးစံ အသက်၂၅ နှစ်၊ ဦးကျော်မင်း အသက် ၅၅ နှစ်၊ ဒေါ်စိန်လှ (ကျောင်းဆရာ) အသက် ၅၅ နှစ်တို့ ဖြစ်ကြသည်။

သေဆုံးသူ ကိုအောင်မြတ်စံနှင့် အောင်မျိုးစံတို့မှာ အမွှာညီအစ်ကိုများဖြစ်ကြပြီး ဦးကျော်မင်းနှင့် ဒေါ်စိန်လှတို့မှာ လင်မယားဖြစ်ကြသည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသူ ၂ ဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရပြီး ၎င်းတို့မှာ မောင်မျိုးသန်းရှိန် အသက် ၂၇ နှစ်နှင့် မောင်မောင်ချေ အသက် ၄၄ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ အားလုံးသည် ဘူးသီးတောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသူများဖြစ်ပြီး မောင်တောမြို့နယ် ကြိမ်ချောင်းရွာသို့ ဈေးဝယ်ရန် တေဘာကားဖြင့် သွားရောက်စဥ် မောင်တောမြို့နယ် ရွှေတောင်ကျေးရွာနှင့် ကျီးကန်ပြင်တောင်ရွာကြား ၃ မိုင်အကွာ ကားလမ်းမကြီးပေါ်တွင် ခြုံခိုပစ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ခိုင်လုံသတင်းရင်းမြစ်က ပြောသည်။

“မနေ့က ညနေက ARSA အဖွဲ့တွေက လမ်းသွားနေတဲ့ ခရီးသွားကားကို ခြုံခို တိုက်ခိုက်ခဲ့ပါတယ်။ ကျည်ဒဏ်ရာ၊ ဓားဒဏ်ရာတွေ ဗလပွနဲ့ ရက်ရက်စက်စက် သတ်ဖြတ်သွားတာ။ မောင်တော၊ ဘူးသီးတောင်ဖက်မှာက ARSA အဖွဲ့တွေ နေရာစုံမှာ ပြန့်နေတော့ အရမ်းစိုးရိမ်နေရတယ်။ နေ့ခင်းကြောင်တောင်ကြီး ခုလိုတွေ လုပ်သွားတော့ အနီးနားက ရွာသားတွေ ကြောက်လန့်နေကြတာပေါ့” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်များတွင် အကြမ်းဖက် အာဆာ (ARSA) အဖွဲ့များ ပုံစံအမျိုးမျိုးဖြင့် ပြန့်နှံ့လျှက်ရှိပြီး အစ္စလာမ်ဘာသာဝင်မဟုတ်သည့် ဒေသခံပြည်သူများအား သတ်ဖြတ်ခြင်း၊ ဓားမြတိုက်ခြင်း၊ လုယက်ခြင်းများကို ပြုလုပ်လျှက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် အမှတ် ၄ ရပ်ကွက်မှ ခမီလူမျိုး ၇ ဦးမှာ ARSA အဖွဲ့၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း အာရက္ခတပ်တော် က ဇူလိုင် ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ် မင်းကြီးကျေးရွာနှင့် တရိန်းကျေးရွာတို့မှ နွားကုန်သည် ရွာသား ၃ ဦးတို့ကို ဇူလိုင်လ ၂၀ ရက်နေ့ နေ့လည်အချိန်တွင် ARSA အကြမ်းဖက် အဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

၎င်းအပြင် မောင်တောမြို့နယ် ပြားသားကျေးရွာမှ ဦးအောင်ထွီး၏သား ပန်းစိန်မောင် အသက် ၄၇ နှစ်နှင့် ဦးမောင်အေးသာ၏သား ဇော်ထွန်းဝင်း အသက် ၃၈ နှစ်တို့ ၂ ဦးမှာလည်း ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ARSA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ယနေ့ သြဂုတ်လ ၁ ရက်နေ့ အထိ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ-CJ ပေးပို့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။