သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ကျေးရွာ ၃ရွာကို စစ်ကောင်စီအဖွဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံး၊ ၁၁ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မှ ကျေးရွာ ၃ရွာကို စစ်ကောင်စီအဖွဲ့က ယနေ့ မေလ ၂၁ရက်၊ နံနက် ၃နာရီ၊ ၄၀ မိနစ်ခန့်အချိန်တွင်   ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

မောင်တောနယ်မှ ရွှေဗဟိုကျေးရွာ၊ ငွေတောင်ရွာနှင့် ဗောဓိကုန်းကျေးရွာတို့မှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။

သေဆုံးခဲ့သူမှာ မောင်တောမြို့၊ ရပ်ကွက် ၃ ဝိမလရပ်ကွက်မှ အဖ ကျော်သိန်းခိုင်၏သမီး ပန်းအိဖြူ ၂၂ နှစ် ဖြစ်သည်။

သေဆုံးသူ ပန်းအိဖြူမှာ ရွှေဗဟိုကျေးရွာတွင် စစ်ရှောင်နေစဉ် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အုတ်နံရံပြိုကျကာ ဦးခေါင်းပြတ်သွားပြီး အဆိုပါနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွှေဗဟိုကျေးရွာမှ  ကျော်ညွန့်ဖြူ ၇၁နှစ်နှင့် ရွှေဗဟိုရွာသို့ စစ်ရှောင်ရန် ရောက်ရှိနေသော မောင်တောမြို့၊ ရပ်ကွက် ၃မှ မေသဇင်ထွန်း ၂၉နှစ်၊ ကျော်ကျော်နိုင် ၂၉နှစ်၊ ဖြူထွန်း ၆၂နှစ်၊ နိုင်သုတဖြိုး ၅နှစ်၊ ဦးကျော်သိန်းခိုင် ၄၅နှစ် တို့ဖြစ်သည်။

ထို့အတူ မောင်တောမြို့နယ်၊ ဗောဓိကုန်းရွာမှ စိန်သန်းမောင် ၂၈နှစ်၊ မောင်စိန်လှ ၅၀နှစ်၊ ထွန်းနိုင်စိုး ၂၄နှစ်၊ ရွှေဖြူသန်း ၄၂နှစ်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၃နာရီ၊ ၄၀မိနစ်ခန့် အချိန်တွင်  မောင်တောမြို့နယ်မှ ကျေးရွာ ၃ရွာကို စစ်ကောင်စီအဖွဲ့မှ Jet fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗောဓိကုန်းရွာသား တစ်ဦးက AB News သို့ ပြောဆိုသည်။

“ဒီနေ့ မနက် ၃နာရီခွဲကျော်အချိန်မှာ မောင်တောက ရွာသုံးရွာကို ဗုံးကြဲခဲ့ပါတယ်။ ရွှေဗဟိုရွာ၊ ဗောဓိကုန်းရွာ၊ ငွေတောင်ရွာတွေပါ ။ ရွှေဗဟိုရွာမှာ စစ်ရှောင်နေတဲ့ မောင်တောမြို့၊ ရပ်ကွက် ၃က အမျိုးသမီး သေဆုံးခဲ့ပါတယ်။ ရွှေဗဟိုရွာ အမျိုးသား တစ်ဦးနဲ့ ရပ်ကွက် ၃က စစ်ရှောင်နေတဲ့ ၅ဦးမှာလေ့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဗောဓိကုန်းရွာက ရွာသား ၅ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း မောင်တောမြို့နယ်၊ ဗောဓိကုန်းရွာမှ လူနေအိမ် ၅လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၉ရက်နေ့တွင်  မောင်တောမြို့နယ် သရီကုန်ဘောင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချအစ်ခတ်ခဲ့သောကြောင့်  ကျေးလက်ဆေးခန်းနှင့် နေအိမ်များ ပျက်စီးခဲ့ရသည့်အပြင် သက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

မောင်တောမြို့နယ်ရှိ ကင်းချောင်းရွာကိုလည်း ပြီးခဲ့သည့် မေလ ၁၄ရက်၊ နံနက်အစောပိုင်းတွင် စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရွာသား ၄ ဦး သေဆုံးခဲ့ပြီး ၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ