ရက္ခိုင်ပြည်၊ သံတွဲ မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သားမိသားဖ ၃ ဦးအပါဝင် ၇ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားကြောင်း AB News က စုံစမ်းသိရှိရသည်။
သေဆုံးသွားသူများမှ ရွေလှေတံတားဦးအနီးရှိ လင်းသီရွာ၊ အ.ထ.ကကျောင်းအရှေ့ဖက်ခြမ်းမှ ဒေါ်မတင်အောင်၏ခင်ပွန်းဖြစ်သူ အသက် ၅ဝ နှစ်ခန့်အရွယ် ကိုညီလေးနှင့် အသက် ၂ဝ ကျော်ခန့်အရွယ် သမီး ၂ ဦး၊ ဦးပဲစား၏ အသက် ၃၃ နှစ်ခန့်အရွယ် သမီး ဒေါ်မေပုရယ် နှင့် ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်ခန့်အရွယ် မောင်လေး၊ ဇီးတောပိုင်းမှ ဦးမောင်တင်ညွန့်နှင့် ဒေါ်မယ်လီယံတို့ ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ မေလ ၁၄ ရက် ည ၉ နာရီခန့်တွင် ဘားတောင်းတောင်ပေါ်မှ လက်နက်ကြီးဖြင့် လင်းသီရွာသို့ ပစ်ခတ်ခဲ့ရာ ကိုညီလေးအိမ်သို့ကျရောက်ပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
” ၉ နာရီလောက်က ပစ်တာပါ။ ရွာထဲမှာဗုံး ၂ လုံးကျရောက်ပေါက်ကွဲတယ်။ ၁ လုံးက ညီလေးအိမ်မှာ ကျပြီး သားမိသားဖ ၃ ဦးသေသွားတယ်။ မျက်မြင်တော့ ၇ ဦးလောက်သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲ “ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို သုံးဘီးဖြင့်တင်၍ နီးစပ်ရာဆေးရုံသို့ ယူဆောင်သွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသွားသည့် အမည်များကို AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
အဆိုပါလင်မယား ၂ ဦးသည် ကိုညီလေးအိမ်သို့ အလယ်ရောက်နေချိန် လက်နက်ကြီး ထိမှန်၍ သေဆုံးသွားခဲ့ခြင်းကြောင်း ၎င်းကဆက်ပြောသည်။
“သူတို့က ကိုညီလေးအိမ်ကို အလည်ရာက်နေတာ၊ လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီးသေသွားတယ်။ ကလေးက ထွက်ပြေးလို့ လက်နက်ကျည်မထိလိုက်” ဟုဆိုသည်။
လင်းသီရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများလည်း စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
၎င်းရွာတွင် အိမ်ခြေ ၂၈ဝ ကျော်ခန့်ရှိကြောင်းသိရသည်။
ယမန်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အောက်နတ်မော်ရွာမှ ပြည်သူ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၁၄ရက်၊ နံနက ၁၁ နာရီ ကျော်တွင်လည်း မောင်တောမြို့နယ်ရှိ ကင်းချောင်းရွာကို စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရွာသား ၃ဦး သေဆုံးခဲ့ပြီး ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ၂ ဖက်စစ်ရေးပြင်းထန်နေလျက်ရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။