လူမျိုးတုံးသတ်ဖြတ်မှု Genocide အတုကို ခုတုံးလုပ်ပြီး လုပ်စားနေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို အမှန်တရားမြတ်နိုးသည့် မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရန် လိုအပ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခ က ယမန်နေ့ ဧပြီလ ၃၀ရက်နေ့က အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ၏ တေလီဂရမ်စာမျက်နှာတွင် ရေးသားဖော်ပြထုတ်ပြန်ထားသည်။
အာရက္ခပြည်ရှိ ဘင်္ဂလီမူဆလင်များအား လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ရာ၌ AA ပါဝင်နေသည်ဟု ထုတ်ပြန်ချက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားခြင်းဖြစ်သည်။
“ULA/AA အနေနှင့် အာရက္ခပြည်ရှိ ဘင်္ဂလီမူဆလင် အသိုင်းအဝိုင်းနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ မမှန်မကန် လုပ်ကြံဖန်တီးမှုတွေနှင့် စွပ်စွဲမှုတွေအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်” လို့ ဖော်ပြထားသည်။
ဘင်္ဂလီမူဆလင် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ကြသည့် ARSA၊ ARA၊ RSO နှင့် ဆက်စပ်သည့် အဖွဲ့အစည်းများသည် သူတို့၏ ဘာသာရေးအစွန်းရောက် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန်အတွက် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်၊ လူ့အခွင့်အရေးကို အရေခြုံပြီး Genocide ဆိုသည့်စကားကို လက်နက်တစ်ခုသဖွယ် အသုံးချလာသည်ကို တွေ့ရကြောင်းလည်း ရေးသားဖော်ပြထားသည်။
“ဒါဟာ လူမျိုးတစ်ခုနှင့် တစ်ခုကြား ဖြေရှင်းမရတဲ့ ရှုပ်ထွေးမှုတွေဆီကို ဦးတည်သွားစေနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလို Genocide အတုတွေပေါ်လာတာဟာ အမှန်တရားမြတ်နိုးတဲ့ ကမ္ဘာသူ/သားတွေအတွက် အလွန်စိုးရိမ်စရာကိစ္စတွေ ဖြစ်ပါတယ်” ဆိုသည်။
ရခိုင်ပြည်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ဧပြီ ၂၅ ရက်နေ့အထိ နှစ်လကျော်အတွင်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ မင်းပြားနဲ့ ကျောက်ဖြူမြို့နယ်တို့မှ ဘင်္ဂလီမူဆလင် ၁၁၄ ဦးကို စစ်ကောင်စီအဖွဲ့နှင့် အာရက္ခတပ်တော် တို့မှ သတ်ဖြတ်ခဲ့သည်ဟု RFDMNR အဖွဲ့က ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။