သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့်  စစ်သွေးကြွ ဘင်္ဂလီမူဆလင်များ အကြမ်းဖက်မှု ဆက်တိုက်ကျူးလွန်လာ

ရက္ခိုင်မြောက်ပိုင်းရှိ မောင်တောခရိုင်‌ဒေသအတွင်း စစ်ကောင်စီက စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားသည့် အကြမ်းဖက် ARSA၊ ARAနှင့် စစ်သွေးကြွ ဘင်္ဂလီမူဆလင်များသည် မူဆလင်မဟုတ်သော ဘာသာခြား၊ လူမျိုးခြားများအား ပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်လာလျက်ရှိသည်ကို တွေ့ရှိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ရက္ခိုင်ဒေသတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် မောင်တောခရိုင်အတွင်း လူမျိုးရေးပဋိပက္ခများဖြစ်ပွားစေရန်ရည်ရွယ်လျက် စစ်ရေး၊ နိုင်ငံရေးတွင် အရှုံးဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အကြမ်းဖက်လက်နက်ကိုင် ARSA၊ ARAနှင့် အစွန်းရောက် ဘင်္ဂလီမူဆလင်များအား စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးခဲ့သည်ကိုတွေ့ရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့က စစ်တွေမြို့တွင် စစ်သွေး‌ကြွ မူဆလင်များအား စစ်သင်တန်းပေးနေသည်ကို တွေ့ရစဥ်

ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည ဦးဆောင်သည့် မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရအဖွဲ့၏ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခံထားရသည့်အဖွဲ့တစ်ခု ဖြစ်သည့်အပြင် လုယက်မှု၊ သတ်ဖြတ်မှု၊ ဓားပြမှုစသည့် ဒုစရိုက်မှုအမျိုးမျိုးတို့ကို ကျူးလွန်ထားမှုကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက အလိုရှိနေသော အစ္စလာမ် စစ်သွေးကြွလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ဘူးသီးတောင်မြို့အတွင်း မြို့ခံများအား  မတရားဖမ်းဆီးခြင်း၊  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေပြီး ၎င်းအထဲတွင် စစ်ကောင်စီက စစ်သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် ARSA၊ ARA နှင့် ဘူးသီးတောင် မောင်တော ဒေသဖက်မှ ဘင်္ဂလီမူဆလင်အချို့လည်း ပါဝင်သည်ကိုတွေ့ရသည်။

ဘူးသီးတောင်မြို့ရှိ ဘင်္ဂလီမူဆလင်များမှာ စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခံရ၍သော်လည်းကောင်း၊ သူတို့၏ ဆန္ဒအရ လည်းကောင်း၊  အကြမ်းဖက် ARSA အဖွဲ့၏ ဖိအားပေးမှုများကြောင်း စစ်ကောင်စီ၏ တပ်သားများ ဖြစ်လာခဲ့ရသည်။

ARSA၊ ARA နှင့် စစ်ကောင်စီက စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်များသည် ဘူးသီးတောင်မြို့ရှိ ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အဦး ၄ခု အပါအဝင် တမြို့လုံးနီးပါးရှိ နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်းများအား ယူခဲ့ကြသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်ဟု ခိုင်လုံ သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ရက်နေ့က စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင် ၆၀ ဦးခန့်နှင့် စစ်ကောင်စီစစ်သား ၄၀ ဦးခန့်တို့သည်  တေဘာကား ၅စီးဖြင့် ဘူးသီးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ရပ်ကွက်တွင်းရှိ နေအိမ် ၄၀ ကျော်အား အကြမ်းဖက် ဖောက်ထွင်းကာ တန်ဖိုးရှိ ရွှေ၊ ငွေ ရတနာပစ္စည်းများအား ယူသွားခဲ့ကြကြောင်း ဖောက်ထွင်းခံခဲ့ရသူများထဲမှ အမည်မဖော်လိုသည့် ဟိန္ဒူအမျိုးသား ၁ ဦးက AB News သို့ပြောသည်။

ထို့အပြင် အဆိုပါမတ်လ ၁၈ ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ သမ္မတတည်းခိုခန်းတွင် မူဆလင် လက်နက်ကိုင်များပါဝင်သည့် စစ်ကောင်စီတပ်သား ၃၀ ကျော် တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၉ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်မှ င/ကျိုင်တောက်ရွာ၊ တပ်မချောင်းရွာ၊ လက်ဝဲဒက်ရွာ၊ ပုဇွန်ချောင်းရွာတို့မှ ဘင်္ဂလီ မူဆလင် ၃၀၀ခန့်ကို  ဘူးသီးတောင်မြို့အတွင်းသို့ တေဘာကားဖြင့် ခေါ်ယူလာကာ “AA အလိုမရှိ”၊ “တိုက်ပွဲအလိုမရှိ”၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်စေပြီး ဆန္ဒပြခိုင်းခဲ့ပြီး စစ်ကောင်စီတပ်သားများက လုံခြုံရေးယူပေးခဲ့သည်ဟု မျက်မြင် မြို့ခံများက ပြောဆိုသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် မူဆလင်အချို့သည် လမ်းမကြီးအနီးရှိ ရက္ခိုင်နေအိမ်များအား ကျောက်စရစ်ခဲများဖြင့် ပစ်ပေါက်ကာ ဖျက်ဆီးခဲ့ကြသည်ကိုလည်း ဖေ့စ်ဘုတ်စာမျက်နှာ၌ ပျံ့နှံနေသည့် ဆန္ဒပြသည့်ရုပ်သံဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရသည်။

ဧပြီလ ၃ရက်နေ့ မွန်းလွှဲ ၁၂ နာရီခန့်က ဘူးသီး‌တောင်မြို့၊ အမှတ် ၂ရပ်ကွက်မှ ဟိန္ဒူဘာသာရေးခေါင်း‌ဆောင် ၁ဦးဖြစ်သည့် အသက် ၇၀နှစ်အရွယ်ရှိ ကျောင်းဆရာ ဦး‌ရွှေနေမော်အား ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင် ဘင်္ဂလီမူဆလင် ၃၀ခန့်က ဖမ်းဆီးခဲ့ပြီး အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ရိုက်နှက် စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဦးရွှေနေမော်၏ ဦးခေါင်းတွင် သွေးထွက်ဒဏ်ရာများဖြင့် ညနေ ၃ နာရီခန့်အချိန်တွင် ပြန်လွှတ်လာခဲ့ကာ ဦးခေါင်းဒဏ်ရာအား ၇ချက် ခြုပ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလ ၁၀ရက်နေ့ နေ့လယ် ၂နာရီခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့ဝင် ၅၀ ခန့်သည် ဘူးသီးတောင်မြို့၊ အမှတ် ၁ ရပ်ကွက်နှင့် ရွာမကျေးရွာကြား လမ်းရှိ ဟိန္ဒူနေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဧပြီလ ၁၁နေ့ နံနက် ၁၁နာရီခန့်အချိန်တွင်လည်း စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင် မူဆလင်များသည် ဘူးသီးတောင်မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ရွာသစ်ပိုင်းနှင့် ရန်အောင်ပြင်ဘုန်းကြီးကျောင်းအနီးရှိ လူနေအိမ် ၃၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဘူးသီးတောင်မြို့တွင်းရှိ ဟိန္ဒူဘာသာဝင်များမှာ လက်နက်ကိုင် မူဆလင်များ၏ ခြိမ်းခြောက်မှုများကို ခံနေကြရပြီး မြို့အတွင်း ပိတ်မိလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့အတွင်းရှိ အေးစေတီဘုန်းကြီးကျောင်းတွင် ရဟန်း ၁ပါးနှင့် သွားလာရန် အခက်အခဲရှိသည့် လူအိုလူနာ ၅၀ခန့်၊ မြစိမ်းရောင်ဘုန်းကြီးကျောင်း၌ ရဟန်း ၂ပါးအပါအဝင် အရပ်သား ၂ဦးနှင့် ဂန္ဒာရီကျေးရွာမှ ခမီလူမျိုး ၄၀၀ခန့်မှာ ကျေးရွာအတွင်း ပိတ်မိနေကြကြောင်း သိရသည်။

မြို့အတွင်း ပိတ်မိနေသည့် မြို့ခံသက်ကြီးရွယ်အိုများမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်ကာ အကူအညီများ လိုအပ်လျက်ရှိသည်ဟုလည်း သိရသည်။

ယမန်နေ့ ဧပြီလ ၁၄ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်များနှင့် ARSA အကြမ်းဖက်အဖွဲ့ဝင်အပါအဝင် မြို့ခံမူဆလင် အင်အား ၃၀၀ကျော်သည် ဘူးသီးတောင်မြို့အတွင်း  လှည့်လည်ကာ ဆန္ဒပြပြီးနောက် အမှတ် ၄ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်အတွင်းရှိ နေအိမ် ၂၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။ 

မောင်တောမြောက်ပိုင်းမှ ဘင်္ဂလီမူဆလင်များအား နိုင်ငံသားပေးမည်ဟု စစ်ကောင်စီက စည်းရုံးကာ AA အလိုမရှိ၊ တိုက်ပွဲ အလိုမရှိဟု ဆန္ဒပြခိုင်း၍ ဆန္ဒပြနေကြသည့် ဘင်္ဂလီမူဆလင်များအား တွေ့ရစဥ်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်၊ မွန်းလွှဲ ၁၂ နာရီခွဲအချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဓားပိုင်ဆရာကျေးရွာမှ အမျိုးသား ၁ဦးကို  ARSA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်။

အလားတူ မတ်လ ၇ ရက်နေ့တွင် ARSA အကြမ်းဖက်အဖွဲ့က မောင်တောမြို့နယ်ရှိ တောင်ပြိုမြို့သို့ စျေးဝယ်ရန်သွားသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးကို သဲချောင်းလမ်းတွင် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ကို တွေ့ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ရသေ့တောင်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၆၊ ခမရ ၅၃၇၊ ခမရ ၅၃၈ တပ်ရင်းများကို အာရက္ခတပ်တော်က သိမ်းပိုက်စဉ် စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး စစ်ကောင်စီအဖွဲ့မှ လောလောလတ်လတ် စစ်သင်တန်းပေးထားသည့် မူဆလင်အချို့၏ ရုပ်အလောင်းများအား စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများနှင့်အတူ တွေ့ရှိခဲ့ကြောင်း အာရက္ခတပ်တော်က ပြီးခဲ့သည့် မတ်လ ၂၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် စစ်သွေးကြွ ဘင်္ဂလီမူဆလင်များ ရသေ့တောင်မြို့နယ်သို့ စစ်တိုက်ရန် ကားဖြင့် သွားနေသည်ကို တွေ့ရစဥ်

၎င်းအပြင် ဘင်္ဂလားဒေ့ရှ်ရှိ မူဆလင်ဒုက္ခသည်စခန်းများမှ မူဆလင် ၉၀၀ ကျော်သည်လည်း စစ်ကောင်စီက ပေးသည့် ရက်တို စစ်သင်တန်းများကို တက်ရောက်လျက်ရှိကြောင်း ခိုင်လုံသတင်းရင်းမြစ်အရ သိရသည်။

ရက္ခိုင်ပြည်တွင်း လူမျိုးရေး မုန်းတီးရေးနှင့် အကြမ်းဖက်မှုများကို ကျူးလွန်နေသည့်  ARSA၊ ARA နှင့် စစ်ကောင်စီအပေါင်းအပါမူဆလင်အုပ်စုများအား ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီလ ၁၃ ရက်နေ့က ပြောဆိုထားသည်။

“ကျနော်တို့ အာရက္ခတပ်တော်အနေနှင့်ကတော့ အရင်ရပ်တည်ချက်အတိုင်းပါဘဲ အပြစ်မဲ့ပြည်သူတွေကို လုံးဝအကာအကွယ်ပေးသွားပါမယ်။ အပြစ်ရှိတဲ့သူတွေကိုတော့ အရေးယူသွားမှာဖြစ်ပါတယ်။ စစ်ပွဲကာလမှာတော့ စစ်ကာလနှင့်အညီ လိုအပ်ရင်လိုအပ်သလို ပြတ်ပြတ်သားသား တုံ့ပြန်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ၎င်း၏ ပြန်ကြားရေး Telegram ချိန်နယ်မှ ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် လူမျိုး ဘာသာ မတူကွဲပြားသည်ကို အသုံးချပြီး ပဋိပက္ခဖြစ်လာနိုင်သည့် အကြမ်းဖက်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် သတိချပ်နေထိုင်ကြရန် လိုအပ်ကြောင်း ရက္ခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူ ၁ ဦးက ပြောဆိုသည်။

“ရက္ခိုင်ပြည်မှာက လူမျိုး အမျိုးမျိုးရှိသလို မတူကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်သူတွေရှိကြပါတယ်။ ဒါကို စစ်ကောင်စီက ခေတ်အဆက်ဆက် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖန်တီပြီးတော့ သူတို့ အကျိုးအမြတ်ရအောင် ဖန်တီးတာတွေရှိခဲ့တယ်။ အခုလည်း ရက္ခိုင်မှာ အရင်လုပ်ခဲ့တဲ့ ဇာတ်လမ်းတွေအတိုင်း ပုံတူ ရိုက်ဖို့ ကြိုးစားနေတာ ကျနော်တို့ တွေ့ရပါတယ်၊ အရင်လိုမျိုး မဖြစ်ဖို့ ကျနော်တို့ သတိထားဖို့လိုပါမယ်” ဟုဆိုသည်။

ရက္ခိုင်တွင် မြို့နယ် ၁၇ခုအနက် ၉မြို့နယ်ကို အာရက္ခတပ်တော်က အပြီးပိုင် သိမ်းပိုက်ပြီးနောက် စစ်ရှုံးနေသည့် စစ်ကောင်စီသည်  အာရက္ခတပ်တော်၏ ထိုးစစ်ကို ခုခံရန်အတွက် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များကို လက်နက်တပ်ဆင်ပေးကာ မောင်တောခရိုင်ဒေသအတွင်းရှိသည့် ဒေသခံပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ် များကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ