ABN-ဟိန်းထွန်း
သြဂုတ် ၁၆ ရက်
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ လက်ကောက်စျေး စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များမှာ ခြင်ထောင်များ ဟောင်းနွမ်းပေါက်ပြီနေပြီဖြစ်သည့်အတွက် ခြင်ထောင်သစ်များလိုအပ်နေကြောင်း စစ်ဘေးရှောင်များကပြောသည်။
၎င်းစခန်းတွင် လူနေအဆောင်များ ကျဥ်းကျပ်သည့်အတွက် ခြင်ပေါက်ဖွားလွယ်ခြင်း၊ ရေစီးမြောင်းမရှိသည့်အတွက်ထမင်းဟင်းချက်ပြုတ်စားသည့်နေရာမှ အညစ်အကြေးများသည် မြေများတွင် တင်ကျန်နေသည့်အတွက် ခြင်ပေါက်လွယ်ကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ABN သို့ပြောသည်။
“အဆောင်တွေကကျဥ်းကြပ်ပါတယ်၊ ခြင်ပေါက်ဖွားလွယ်တယ်၊ ရေစီးမြောင်းလည်းမရှိတော့ ထမင်းဟင်းချက်စားတဲ့နေရာက အညစ်အကြေးတွေ မြေပေါ်မှာပြန့်ကြဲနေတယ်၊ ခြင်တွေအရမ်းကိုက်ပါတယ်” ဟု ဆိုသည်။
လက်ကောက်စျေးစစ်ဘေးရှောင်စခန်းသည် တောင်ကုန်းအောက်တွင်တည်ရှိကာ ဘုန်းကြီးကျောင်းအတွင်း၌ ဆောက်လုပ်ထားသည့် အဆောင်များဖြစ်သည်။
ထိုစခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၅၉ စုရှိပြီး လူဦးရေ အရေအတွက်မှာ ကျား ၂၆၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၆၃၀ ရှိကြောင်း စခန်းတာဝန်းခံထံကသိရသည်။
စားကြွင်းစားကျန်များကြောင့် ခြင်ပေါက်ဖွားမှုရှိနေခြင်း၊ ခြင်ထောင်များဟောင်းနွမ်းစုပ်ပြဲသွားသည့်အတွက် ခြင်ထောင်အသစ်များလိုအပ်နေကြောင်း စစ်ဘေးရှောင်က ဆက်၍ ပြောသည်။
“ထမင်းစားပြီးတဲ့အခါ စားကြွင်းစားကျန်တွေက အပင်အနားတွေမှာ ကျန်နေတယ်၊ ခြင်ပေါက်ဖွားမှုလည်းဖြစ်လာတယ်၊ ခြင်ထောင်တွေလည်း အပေါက်တွေကြီးပဲ၊ ခြင်တွေလည်းနေ့တိုင်းလိုလို ကိုက်နေတော့ ခြင်ထောင်တွေ လိုအပ်နေတယ် “ဟု ဆိုသည်။
ထိုစခန်းရှိခြင်ထောင်များမှာ ၂ နှစ်ကျော်ကြာမြင့်နေသည့်အတွက် ဟောင်းနွမ်းစုတ်ပြဲနေကြောင်း စစ်ဘေးရှောင်များကပြောသည်။
စခန်းအတွင်း နေမကောင်းဖျားနာသူ ၁၀ ကျော်ရှိပြီး၊ မသန်စွမ်းသူ ၇ ဦးရှိကာ မျက်စိတစ်ဖက်ကွယ်သူ နှင့် ကိုယ်လက်အင်္ဂါချို့ယွင်းနေသူများလည်းရှိကြောင်းတွေ့ရသည်။
ထို့အပြင် ၎င်းစခန်းတွင်အများသုံး အိမ်သာ ၄ လုံးမှာလည်းအသုံးပြု၍ မရတေ့ာသည့်အတွက် အိမ်သာလုံလောက်မှုလည်း မရှိကြောင်း ပြောသည်။