ABN- ကိုဟိန်းထွန်း
ရခိုင်ပြည်၊ ရသေ့တောင်မြို့တွင် စျေးဆိုင်ခန်းများကို ယခုအချိန်ထိပြန်လည်မဖွင့်နိုင်သေးသည့်အတွက် ကုန်ပစ္စည်းများဝယ်ယူရန် ပြည်သူများအခက်တွေ့နေရကြောင်း ABN မှ ကွင်းဆင်းလေ့လာတွေ့ရှိခဲ့ရသည်။
မိုခါမုန်တိုင်းကြောင့် စျေးဆိုင်ခန်းများ လွန်စွာပျက်စီးခဲ့ကာ ပြန်လည်ပြုပြင်တည်ဆောက်ရန် အချိန်ကြာနိုင်ပြီး ဆိုင်ခန်းများကိုမဖွင့်နိုင်သေးသည့်အတွက် စျေးရောင်းသူများ နှင့် စျေးဝယ်သူများ အခက်အခဲများစွာတွေ့ နေရကြောင်း ဒေသခံ ၁ ဦးက ABN သို့ပြောသည်။
“မုန်တိုင်းကြောင့်ဆိုင်ခန်းတွေအကုန်လုံးပျက်စီးသွားတယ်၊ ပြန်လည်ပြုပြင်ဖို့အတွက် အချိန်အများကြီးကြာနိုင်ပါတယ်၊ စျေးဆိုင်တွေကိုပိတ်ထားပါတယ်၊ စျေးရောင်းသမားတွေနဲ့ စျေးဝယ်သူတွေ အခက်အခဲတွေ့နေရပါတယ်” ဟု ဆိုသည်။
လက်ရှိတွင်ဆိုင်ခန်းများပြုလုပ်နေပြီး သွပ်ပြားများလည်းစျေးကြီးနေသောကြောင့် ပျက်စီးသွားခဲ့သည့် သွပ်ပြားအဟောင်းများကို ဖာထေ့နေကြသည်ကိုတွေ့ခဲ့ရသည်။
တစ်နေ့လုပ်မှတစ်နေ့စားရသည့် သူများရှိ၍ အလုပ်အကိုင်များအဆင်မပြေလည်မှုကြောင့် ဆိုင်ခန်းများကို အမြန်ဖွင့်စေချင်ကြောင်း စျေးရောင်းသူတစ်ဦးက ABN သို့ပြောသည်။
“လက်လုပ်လက်စားသူတွေလည်းရှိပါတယ်၊ အလုပ်သွားလုပ်မယ့်နေရာလည်းမရှိဘူး၊ ပိတ်ထားတဲ့ဆိုင်ခန်းတွေကို အမြန်ဖွင့်စေချင်တယ်” ဟု ဆိုသည်။
စျေးတန်းမျာပိတ်ထားသည့်အတွက်ကြောင့် တစ်ချို့ဆိုင်များမှာ စျေးနူန်းများအဆမတန် တင်ရောင်းနေကြပြီး သွားပွတ်တံတစ်ချောင်းကို ၅ ထောင်ကျပ်အထိ ဈေးပေးဝယ်နေကြရသည်ကို တွေ့ရသည်။
လက်ရှိတွင် ရသေ့တောင်မြို့ သင်္ဘောဆိပ်ဟောင်းလမ်းတွင် ဟင်းသီးဟင်းရွက်များရောင်းချလျက်ရှိပြီး ၎င်းစျေးကို ပြုပြင်ပြီးလျှင် ပြန်လည်ဖွင့်ပေးမည်ကြောင်း သိရသည်။