Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်၊ မောင်တောဒေသများတွင် စစ်ဘေးဒဏ်သင့်ပြည်သူများ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

AB News – မတ်လ ၃၁၊ ၂၀၂၄

တကျော့ပြန်တိုက်ပွဲဲကာလအတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးနေကြရသည့် ရက္ခိုင်ပြည် မြောက်ပိုင်း ဘူးသီးတောင်​၊ မောင်တော ဒေသများမှ စစ်ဘေးဒဏ်သင့်ပြည်သူများမှာ စားနပ်ရိက္ခာအကူအညီအရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပမ်းမှုများကြားမှ ထွက်ပြေး လွတ်မြောက်လာသည့် စစ်ဘေးရှောင်များမှာ အခြေခံ စားနပ်ရိက္ခာများ ထောက်ပံမှုမရရှိသည့်အတွက် အခက်တွေ့နေရကြောင်း သိရသည်။

မောင်တောမြို့ အင်းဒင်အခြေစိုက် စစ်ကောင်စီ နယ်ခြားစောင့် အမှတ် ၆ စခန်းမှ အောင်သုခရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အသက်လုထွက်ပြေးလာရသည့်အတွက် အဝတ်တစ်ထည်သာပါပြီး စားဝတ်နေရေး အရေးပေါ်လိုအပ်နေကြောင်း အောင်သုခရွာမှ ဦးဦးလှက AB News သို့ပြောသည်။

“အင်းဒင်စခန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ် မီးရှို့လိုက်တာပါ။ အိမ်မှာရှိတဲ့ပစ္စည်းတွေလည်း အားလုံးမီးထဲပါသွားပါတယ်။ အဝတ်တစ်ထည်နဲ့ထွက်ပြေးလာရတယ်၊ ဘာမှပါမလာဘူး။ အခုကအလုပ်လည်းမရှိတော့ စားဝတ်နေရေးအရေးပေါ်လိုအပ်နေပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆  နေ့၊ အင်းဒင်အခြေစိုက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်တောမြို့နယ် အောင်သုခရွာသို့ လာရောက်ပြီး ပြည်သူများကို AA ဟုသတ်မှတ်ကာ နှင်ထုတ်ခဲ့ပြီး ရွာထဲရှိ နေအိမ်များအားလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ အတင်းအဓမ္မနှင်ထုတ်ခဲ့မှုကြောင့် ၎င်းရွာမှ ရွာသူ/ရွာသားများသည် ဘေးလွတ်ရာသို့ အသက်လုထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေက မောင်တောအခြေစိုက် စိုင်းဒင်တံတားအနီး ခမရ ၅၅၁ တပ်ရင်းမှ ဖုံညိုလိပ်မူဆဆင်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မူဆင်လင် ၇ ဦးသေဆုံးပြီး ၂၀ ကျော်ပြင်းထန်ဒဏ်ရာရသွားခဲ့ကြောင်းသိရသည်။

ထိုရွာမှ မူဆလင် ၂၈၄၀ ဦးခန့်မှာ စစ်ကောင်စီ၏ လ​က်နက်ကြီးအန္တရာယ်ကိုစိုးရိမ်သည့်အတွက်  အနီးအနားရှိ ရွာများသို့ထွက်ပြေးရစဥ် စားနပ်ရိက္ခာများ၊ အဝတ်အစားများ ပါမလာ၍ အဖွဲ့အစည်းများ အနေဖြင့် ထောက်ပံ့ကူညီစေချင်ကြောင်း ဖုံညိုလိပ်ရွာမှ ဦးတိယက ပြောသည်။

“လူဦးရေ ၂၈၄၀ ကျော်ထွက်ပြေးလာရတယ်။ ပစ္စည်းတွေအကုန်လုံးအိမ်မှာကျန်ခဲ့တယ်။ ဆေးဝါးတွေလည်းပါမလာဘူး။ အဝတ်တွေ၊ စားနပ်ရိက္ခာတွေ လိုချင်ပါတယ်။ တတ်နိုင်တဲ့အဖွဲ့အစည်းတွေက ထောက်ပံ့ပေးစေချင်ပါတယ်” ဟု ဆိုသည်။

တိုက်ပွဲကာလ ကြာမြင့်လာသည်နှင့်အမျှ ဒေသခံပြည်သူများသည် အခြေခံ စားဝတ်နေရေးအခက်အခဲများဖြင့် ရုန်းကန်နေရပြီး စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားသောကြောင့် ဆေးဝါးများလည်း လုံလောက်စွာမရရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ရက္ခိုင်ဒေသရှိမြို့နယ်အများအပြားသို့ Mi- 35 တိုက်ခိုက်ရေးရဟတ်ယာဥ်၊ Mi – 16 စစ်ထောက်ပို့/တိုက်ခိုက်ရေးရဟတ်၊ Y-12 ထောက်ပို့/ဗုံးကြဲလေယာဥ်များနှင့် Jet-Fighter တို့ဖြင့် နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင်ပြည်တွင်းရှိ စစ်ဘေးဒဏ်သင့်ပြည်သူများမှာ နေ့လုပ်နေ့စားများ ဖြစ်သောကြောင့် အကူအညီ အထောက်အပံ့ မရရှိလျင် အသက်ရှင်သန်ရန် မလွယ်ကူကြောင်း  ဘူးသီး​တောင်မြို့နယ် မင်းလှကိုင်းရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ကျနော်တို့က ဝါးခုတ်ပြီးစားနေရတာ၊ တောင်ကိုသွားရင်လည်း မိုင်းထိမှာကိုစိုးရိမ်ရတယ်။ ဒါပေမယ့် သားသမီးက ရှိနေတော့ အသက်နဲ့လဲပြီး ကြုံရာကျပန်းစားသောက်နေရတယ်။ အဆင်လည်းမပြေပါဘူး၊ စားနပ်ရိက္ခာတွေ၊ ဆေးဝါးပစ္စည်းတွေ လိုအပ်နေပါတယ်၊ အကူအညီတွေသာ မရရင် ရေရှည်မှာ ကျနော်တို့ အသက်ရှင်နေဖို့ မလွယ်ပါဘူး” ဟု ဆိုသည်။

မောင်တောမြို့ထဲတွင် အခြေစိုက်နေသော နိုင်ငံတကာဖွဲ့အစည်းများဖြစ်သည့်  WFP၊ICRC ၊ UNICEF၊ UNDP စသည့် အဖွဲ့အစည်းများမှာ ဖေဖော်ဝါရီလ အစောပိုင်းက ဒေသတွင်း စစ်ရေး တင်းမာမှုများကြောင့် ရုံးများအားလုံးကို ပိတ်သိမ်းကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်ကိုတွေ့ရသည်။

ဘူးသီးတောင်၊ မောင်တော ဒေသတို့တွင် စစ်ဘေးရှောင် လေးသောင်းကျော်ခန့် စစ်ဘေးရှောင်ရလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ ကြား၂ ဖက်စစ်ရေး ပြင်းထန်လျက်ရှိပြီး၊ စစ်ဘေးရှောင်များမှာလည်း နေရပ် မပြန်နိုင်ကြသေးကြောင်း စစ်ဘေးရှောင်များက AB News သို့ ပြောသည်။

ရက္ခိုင်တပြည်နယ်လုံးတွင် တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်တွေအပါအဝင် AA သိမ်းပိုက်ထားသည့် မြို့နယ် ၉ မြို့နယ်မှ စစ်ဘေးရှောင် ၃ သိန်းကျော်တို့မှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေရပ်မပြန်နိုင်ကြသေးပေ။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ