သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင် နေဗီကြောင့် သံတွဲမြို့မှ ငါးဖမ်းလုပ်ငန်းများ ရပ်တန့်နေဆဲ
စစ်ကော်မရှင် နေဗီကြောင့် သံတွဲမြို့မှ ငါးဖမ်းလုပ်ငန်းများ ရပ်တန့်နေဆဲ

AB News – သြဂုတ် ၂၁၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ် ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူများသည် စစ်​ကော်မရှင်၏​ နေဗီကြောင့် အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်လာကြသော်လည်း ပင်လယ်ပြင်တွင် စစ်ကော်မရှင် နေဗီများ ဆက်လက်ရှိနေသည့်အတွက် လုပ်ငန်းများ ပြန်လည်စတင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ မွေးကတည်းက ငါးဖမ်းတဲ့အလုပ်ကို လုပ်ကိုင်လာကြတာ။ စစ်ဘေးရှောင်တုန်းကလည်း လုပ်ငန်းတွေ ရပ်နားခဲ့ရတယ်။ အခု နေရပ်ပြန်လာတော့လည်း ပင်လယ်ပြင်မှာ စစ်ရေယာဉ်တွေ ရှိနေတော့ ငါးဖမ်းထွက်ဖို့ အခက်အခဲရှိနေတယ်” ဟု သံတွဲဒေသခံ ငါးဖမ်းသမားတစ်ဦးက ပြောသည်။

အဓိက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်သော ဆင်ခေါင်း၊ မြပြင်၊ ဂျိတ္တော၊ မှိုဟင်းပြင်၊ စပါးကြီး အစရှိသည့် နေရာများမှ ဒေသခံများသည် စားဝတ်နေရေး အကျပ်အတည်းများ ရင်ဆိုင်နေ​ကြရသည်။

ထို့အပြင် အခြား ငါးဖမ်းသမားတစ်ဦးက“တခြားအလုပ်ကိုင်လည်း မရှိတော့ ဒီ ငါးဖမ်းလုပ်ငန်းလေး ပြန်စနိုင်ဖို့ပဲ မျှော်လင့်နေတာ။ ဒါပေမဲ့ ပင်လယ်ထဲမှာ နေဗီတွေရှိနေတော့ မသွားရဲဘူး။ ကိုယ့်အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်။ လုပ်ငန်းတွေ ရပ်နေတာ တစ်နှစ်နီးပါးရှိပြီ။ ဘယ်လို ရှေ့ဆက်ရမလဲ မသိတော့ဘူး” ဟု ဆိုသည်။

အာရက္ခတပ်တော်သည် သံတွဲမြို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့သော်လည်း ဒေသခံများ၏ ပုံမှန်စီးပွားရေးလုပ်ငန်းများမှာ တစ်နှစ်နီးပါးကြာသည်အထိ ရပ်တန့်နေဆဲဖြစ်သည်။

သံတွဲမြို့သည် အဓိကအားဖြင့် ငါးဖမ်းလုပ်ငန်း၊ ငါးပိ၊ ငါးခြောက်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများဖြင့် စီးပွားရေးလည်ပတ်နေသော ဒေသတစ်ခုဖြစ်သည်။

သို့သော်လည်း စစ်ရေးပဋိပက္ခများကြောင့် ယခုအခါ လုပ်ငန်းများအားလုံး ရပ်တန့်နေဆဲဖြစ်ရာ ဒေသခံများအနေဖြင့် အခက်အခဲများစွာရင်ဆိုင်နေရဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ