
AB News – ဧပြီ ၁၃၊ ၂၀၂၆
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားတွင် အာရက္ခတပ်တော် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တော်လှန်ရေးအင်အားစုများအနေဖြင့် ရရှိလာသော အခွင့်အရေးများကို အမိအရဆုပ်ကိုင်ကာ မျှော်မှန်းချက်ပန်းတိုင်သို့ စုစုစည်းစည်း ချီတက်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကျင်းပသည့် အဆိုပါအခမ်းအနားတွင် ဒေါက်တာညိုထွန်းအောင်က အားပေးစကား ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့ကြောင်း အလေးပေး ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ဟာ ဒီအချိန်အခါမှာ အဖွဲ့အစည်းထဲမှာ ပါဝင်နေကြတဲ့ သူတစ်ယောက်ချင်းစီရဲ့ ကြိုးပမ်းမှုတွေကို ပိုပြီးကျစ်ကျစ်လစ်လစ်နဲ့ စုစုစည်းစည်း၊ ယုံကြည်ချက်အပြည့်၊ အားမာန်အပြည့်၊ ခွန်အားအပြည့်၊ လုံ့လဝီရိယအပြည့်နဲ့ အလုပ်လုပ်မယ်ဆိုရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို ဘယ်သူကမှ တားဆီးလို့ ရနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် တော်လှန်ရေးအဖွဲ့အစည်းများအတွက် ရရှိနေသော အခွင့်အရေးများမှာ အကန့်အသတ်ရှိလာနေသဖြင့် နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် နေ့မအား၊ ညမအား ကြိုးစားကြရန် လိုအပ်ကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များကို အချိန်မီ ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
ICNCC အပါအဝင် ချင်းတော်လှန်ရေးအဖွဲ့အစည်းများ၏ ၅ နှစ်တာ ရပ်တည်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူမိကြောင်းနှင့် စုဖွဲ့မှုများကို ပိုမိုခိုင်မာအောင် တည်ဆောက်ကာ ပြင်းထန်သည့် တော်လှန်ရေးသန္နိဋ္ဌာန်များဖြင့် ရှေ့ဆက်ကြရန် တိုက်တွန်းရင်း ဒေါက်တာညိုထွန်းအောင်က အားပေးစကား ပြောကြားခဲ့သည်။