သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရ၌ လင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည့် ဇနီး​​ဖြစ်သူအပါအဝင် မိသားစုဝင် ၃ ဦးကို ဒီလပ် ဖမ်းဆီး

AB News – ဩဂုတ် ၃၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့နယ်၊ သာယာကုန်းရွာ၌ လင်မယားချင်း ရန်ဖြစ်ရာမှ လင်ဖြစ်သူအား ဓားဖြင့် ခုတ်သတ်၍ အလောင်းဖျောက်ဖျက်ခဲ့သည့် ဇနီးဖြစ်သူ အပါအဝင် မိသားစုဝင် ၃ ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၅ ရက် ညနေပိုင်းက ခမောင်းတောရွာနှင့် ဝက်ခေါင်းရွာအကြား ပုဇွန်ကန် ကန်သင်းအနီး၌ ပုပ်ပွနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိကြောင်း ဒေသခံတစ်ဦး၏ အကြောင်းကြားချက်အရ အဉ္ဇနပူရမြို့မ ဒီလပ်စခန်းမှ သွားရောက်စစ်ဆေးရာမှ စတင်​တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တွေ့ရှိရသည့် အလောင်းမှာ လည်ပင်း၌ ဓားပြတ်ရှဒဏ်ရာနှင့် ညိုမဲဒဏ်ရာများ တွေ့ရှိရသဖြင့် ရင်ခွဲစစ်ဆေးခဲ့ရာမှ ​သေဆုံးသူမှာ သာယာကုန်းရွာနေ ဦးမောင်လှသန်း (၃၁ နှစ်) ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ထို့နောက် သြဂုတ်လ ၆ ရက်တွင် ဦးမောင်လှသန်းအား ဒဏ်ရာရ သေဆုံးစေသူကို အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းလာသည့်အတွက် သက်ဆိုင်ရာဒီလပ်စခန်းမှ (ပ)၁၀၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းသည် ဩဂုတ် ၂ ရက် နံနက်ပိုင်းကပင် ဇနီးဖြစ်သူ ဒေါ်သန်းသန်းဌေး (ခ) အေးချေ (၂၉ နှစ်) နှင့် စကားများ ရန်ဖြစ်ပြီး နေအိမ်မှထွက်ပြေးလာရာမှ ပျောက်ဆုံးနေခြင်း ဖြစ်ရာ ဦးမောင်လှသန်း သေဆုံးမှုနှင့်ပတ်သက်၍ ဇနီးဖြစ်သူအား တရားလိုပြုလုပ်ရန် တိုင်တန်းခဲ့သော်လည်း ဇနီးနှင့် မိသားစုဝင်များက အမှုဖွင့်ရန် ငြင်းဆန်ခဲ့သည်။

ထိုသို့ အမှုမဖွင့်လိုသည့်အပေါ် ဒီလပ် အရာရှိများက သံသယဖြစ်ကာ ဩဂုတ် ၇ ရက်တွင် ၎င်းတို့၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ စစ်ဆေးမှုအတွင်း နေအိမ်ဝါးထရံအား အပြာရောင် သင်္ဘောဆေးအသစ် မခြောက်သေးဘဲ သုတ်ထားသည်ကို တွေ့ရသည့်အပြင် ဆေးသုတ်ထားသည့် အောက်၌ သွေးစက်များပါ တွေ့ရှိရသဖြင့် သေဆုံးသူ၏ ဇနီး ဒေါ်သန်းသန်းဌေး၊ ယောက်ဖဖြစ်သူ စံလင်းချေ (၂၇ နှစ်) နှင့် ယောက္ခမဖြစ်သူ ဦးအောင်ကျော်သိန်း (၅၇ နှစ်) တို့အား စခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးမေးမြန်းချက်များအရ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် လင်မယားချင်း စကားများရာ၌ ဦးမောင်လှသန်းက ၃ လအရွယ် သားဖြစ်သူကို လှံဖြင့်ထိုးရန် ပြုလုပ်သဖြင့် ဒေါသဖြစ်ကာ အိပ်ပျော်နေချိန် ဓားမဖြင့် လည်ပင်းကို ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သန်းသန်းဌေးက ဝန်ခံထွက်ဆိုခဲ့သည်။

ထို့နောက် ယောက္ခမနှင့် ယောက်ဖဖြစ်သူတို့၏ ကူညီမှုဖြင့် အလောင်းကို ကန်စပ်ဖြင့်ထုပ်ကာ ကြပ်စင်မြစ်အတွင်း ပစ်ချခဲ့ပြီး နေအိမ်ဝါးထရံကို သင်္ဘောဆေးသုတ်၍ သဲလွန်စ ဖျောက်ဖျက်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် ဒီလပ်ဌာနက ပြစ်မှုကျူးလွန်သူ ဒေါ်သန်းသန်းဌေး အပါအဝင် အလောင်းဖျောက်ဖျက်ရာ၌ ကူညီခဲ့သည့် ဦးအောင်ကျော်သိန်းနှင့် စံလင်းချေတို့ ၃ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ချုပ်မိန့်ရယူထားပြီး ဥပဒေအတိုင်း ဆက်လက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Photo – အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများထုတ်ပြန်ရီးအဖွဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ