
AB News – မေ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ကျေးရွာအတွင်းသို့ အသေခံဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းခြံဝင်းအတွင်းရှိ သံဃာတော်တစ်ပါးနှင့် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ရမ်းဗြဲမြို့နှင့် အဝေးပြေးလမ်းမကြီးကို ဆက်သွယ်ထားသည့် ပိန္နဲတောင်ကားလမ်းပိုင်းရှိ ရမ်းသစ်ကြီးကျေးရွာ (အောက်ရွာ) သို့ စစ်ကော်မရှင်တပ်က အသေခံဒရုန်းတစ်စီးဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “မနေ့က မနက်ပိုင်းမှာ ရမ်းသစ်ကြီးအောက်ရွာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဘုန်းကြီးတစ်ပါးနဲ့ ကလေးတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ ဗုံးစထိမှန်ပြီး ဒဏ်ရာရသွားပါတယ်” ဟု အတည်ပြုပြောဆိုသည်။
လတ်တလောတွင် ကျောက်ဖြူ-ရမ်းဗြဲအစပ်၊ ကျောက်ဖြူမြို့နယ်အပိုင် စနဲမြို့အနီးရှိ တောင်မော်ဦးရေတပ် ပတ်ဝန်းကျင်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
သို့သော် အဆိုပါတိုက်ပွဲ ဖြစ်ပွားရာနေရာနှင့် ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးကျေးရွာမှာ အလှမ်းကွာဝေးပြီး ရမ်းဗြဲမြို့နယ်အတွင်း တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ အဝေးမှနေ၍ အသေခံဒရုန်းဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်။