သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မှ လယ်သမားများအတွက် ဓာတ်မြေသြဇာများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေ

AB News – ဇူလိုင် ၁၅၊ ၂၀၂၆

​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန၊ စိုက်ပျိုးရေးဌာနခွဲက ဒေသခံလယ်သမားများ၏ စိုက်ပျိုးစရိတ်ကို လျှော့ချပေးရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်၍ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို သက်သာသော နှုန်းထားများဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေပြီ ဖြစ်သည်။

မြောက်ဦး၊ မင်းပြားနှင့် စစ်တွေခရိုင်အတွင်းရှိ မြို့နယ်များအတွက် ဂိုထောင်ထုတ်ဈေးနှုန်းများအဖြစ် အိန္ဒိယ Urea (အဖြူမြေဩဇာ) တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်၊ အိန္ဒိယ DAP (အမဲမြေဩဇာ) တစ်အိတ်လျှင် ၂၀၀,၀၀၀ ကျပ်နှင့် သဘာဝမြေဩဇာ (၁၅ ကီလို) တစ်အိတ်လျှင် ၃၂,၀၀၀ ကျပ်တို့ဖြင့် တိုက်ရိုက်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ကျန်ရှိသော ခရိုင်နှင့် မြို့နယ်များအတွက်လည်း မြေဩဇာဈေးနှုန်းကို အတူတူပင် သတ်မှတ်ပေးထားပြီး၊ ကျောက်တော်မြို့ ဂိုထောင်မှတစ်ဆင့် သက်ဆိုင်ရာမြို့နယ်ဂိုထောင်အထိ သယ်ယူပို့ဆောင်ခ (ဘုတ်ခ၊ ကားခ၊ လုပ်သားခ) ကို ဝယ်ယူသူက ကျခံရမည့်စနစ်ဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

​မြေဩဇာများကို လယ်သမားထုထံ မျှတစွာ ရောက်ရှိစေရန်နှင့် ဝယ်ယူရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် လွယ်ကူသော စည်းကမ်းချက်များ သတ်မှတ်ထားပြီး မြေဩဇာ ၁ အိတ်မှ ၁၀ အိတ်အထိကို မည်သည့်ထောက်ခံစာမှ မလိုဘဲ လက်ငင်းငွေချေစနစ်ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်သော်လည်း ၁၀ အိတ်နှင့်အထက် ဝယ်ယူလိုပါက အမှန်တကယ် စိုက်ပျိုးနေသော လယ်သမားဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ လိုအပ်မည်ဖြစ်သည်။

ထို့ပြင် ရပ်ရွာအလိုက် လယ်သမားအစုအဖွဲ့များ စုပေါင်းပြီး မြေဩဇာအိတ်ရေ ၁၂၀ နှင့်အထက် ဝယ်ယူပါက ဝယ်ယူသည့်ရပ်ရွာ သို့မဟုတ် အနီးအပါးသို့ ကားတစ်ကြောင်းစာ သယ်ယူပို့ဆောင်ရေးစရိတ်ကို စိုက်ပျိုးရေးဌာနခွဲမှ အပြည့်အဝ စိုက်ထုတ်ကျခံပေးမည့် အထူးခံစားခွင့်လည်း ရှိသည်။

ငွေကြေးကျပ်တည်းပြီး ရင်းနှီးစရိတ် အခက်အခဲဖြစ်နေသော ဆင်းရဲနွမ်းပါးသည့် လယ်သမားများအတွက်လည်း ရပ်/ကျေးနှင့် တိုက်နယ်အုပ်ချုပ်ရေးမှူးတို့၏ ငွေကြေးဆိုင်ရာ အာမခံချက်ထောက်ခံစာဖြင့် တစ်လဆိုင်းငံ့ အကြွေးစနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။

​ဒေသခံလယ်သမားများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန်နှင့် ကုန်ကျစရိတ် သက်သာစေရန် စေတနာရှေ့ထား ဆောင်ရွက်ပေးသည့် ဤအစီအစဉ်ကို လက်လွတ်မခံဘဲ မိမိတို့လိုအပ်မည့် မြေဩဇာအမျိုးအစားနှင့် အိတ်ရေများကို စနစ်တကျ တွက်ချက်ကာ နီးစပ်ရာမြို့နယ်ရုံးများတွင် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်သည့် နေရာများမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ တောင်ကုတ် နှင့် သံတွဲမြို့များရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန၊ စိုက်ပျိုးရေးဌာနခွဲရုံးများတွင် ဝယ်ယူရရှိနိုင်ပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ