သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား နှင့် ပုဏ္ဏားကျွန်းရှိ ရေဘေးသင့်ကျေးရွာများတွင် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

AB News – ဇူလိုင် ၁၆၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်းရှိ ဝေးလံခေါင်ဖျားဒေသများနှင့် ရေဘေးသင့်ကျေးရွာများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနမှ ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ငှက်ဖျားရောဂါပိုးတွေ့ရှိသူ လူနာတစ်ဦးအပါအဝင် ဒေသခံ ၂၀ ကျော်အား လိုအပ်သည့် ဆေးဝါးကုသမှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဌာန၏ ပြည်သူလူထုအခြေပြု ရွေ့လျားဆေးခန်း (Rapid Response Team – RRT) များသည် မင်းပြားခရိုင် ဖုံသာချောင်းဖျားဒေသရှိ နတ်ထောင့်ကျေးရွာနှင့် ကျေးမကျေးရွာများသို့ ကွင်းဆင်း၍ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ငှက်ဖျား (Malaria) နှင့် သွေးလွန်တုပ်ကွေး (Dengue Fever) ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ မကြာသေးမီက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရသည့် ဖောင်ဆိပ်ကျေးရွာနှင့် ထောင်လောင်ပွန်း ကျေးရွာများတွင်လည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့် ဆေးဝါးကုသမှုများကို ကွင်းဆင်း ပံ့ပိုးပေးခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူများထံမှ သိရသည်။

ယင်းကွင်းဆင်းဆောင်ရွက်မှုအတွင်း ကျန်းမာရေးဝန်ထမ်းများသည် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါများအတွက် ရောဂါစောင့်ကြည့်စစ်ဆေးခြင်း (Disease Surveillance) နှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

စစ်ဆေးမှုများအရ ငှက်ဖျားရောဂါပိုးတွေ့ရှိသူ လူနာတစ်ဦးကို သီးခြားဆေးကုသမှုပေးခဲ့ပြီး၊ အခြား အထွေထွေရောဂါဝေဒနာရှင် ဒေသခံ ၂၀ ကျော်ကိုလည်း လိုအပ်သည့် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဌာနက လက်ရှိမိုးရာသီနှင့် ရေကြီးရေလျှံအခြေအနေများကြောင့် ရေမှတစ်ဆင့်ကူးစက်နိုင်သောရောဂါများ၊ ခြင်မှတစ်ဆင့်ကူးစက်သောရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သဖြင့် ထိခိုက်လွယ်သော ကျေးလက်ဒေသများ၌ ကာကွယ်ရေး၊ စောင့်ကြည့်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မကြာသေးမီက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရသည့် ရက္ခိုင်ပြည်ရှိ အခြားမြို့နယ်များတွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနမှ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ