သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ စာသင်ကျောင်းတစ်ခုမှာ သေနတ်ပစ်ခတ်မှု ထပ်မံဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရ

AB News – စက်တင်ဘာ ၂၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ကမ်ဖန်ဖက်ဒေသက စာသင်ကျောင်းတစ်ခုတွင် ဆယ်ကျော်သက်ကျောင်းသား (၁) ဦးက ပစ္စတို တစ်လက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

ဖြစ်စဥ်မှာ ယနေ့ စက်တင်ဘာလ (၂) ရက်နေ့က ထိုင်းနိုင်ငံ၊ ကမ်ဖန်ဖက်ဒေသတွင်ရှိသော ဝါချိရာ ပရာကန် ဝစ်တာယာကုမ် စာသင်ကျောင်းထဲကို အသက် (၁၅) နှစ်အရွယ် ကျောင်းသားတစ်ဦးက (၉) မမ ပစ္စတို တစ်လက်ကိုင်ဆောင်ပြီး ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါကျောင်းသားသည် ၎င်း ပစ်မှတ်ထားတိုက်ခိုက်လိုသူအား ကျောင်းဝန်းထဲတွင် လိုက်လံရှာဖွေမှု ပြုလုပ်ခဲ့ပြီး သေနတ်အချက်ရေ အချို့ ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း ဆိုသည်။

မျက်မြင်သက်သေများက ဒေသတွင်မီဒီယာများသို့ ဖြေကြားချက်များအရ အဆိုပါ ကျောင်းသားသည် လေထဲသို့ သေနတ် (၇) ချက်၊ (၈) ချက်ခန့် ခြိမ်းခြောက်ပစ်ဖောက်ခဲ့ကြောင်းလည်း သိရသည်။နောက်ဆုံးတွင် ဆရာမများ၊ ရဲများနှင့် ဒေသခံကူညီကယ်ဆယ်ရေးတပ်ဖွဲ့များက အဆိုပါ ကျောင်းသားအား ဝိုင်းဝန်း စည်းရုံးပြီး လက်နက်ချအောင် သိမ်းသွင်းနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိမှာ သေနတ်ကို သက်ဆိုင်ရာမှ သိမ်းဆည်းထားပြီး အဆိုပါကျောင်းသားကိုလည်း ထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ပစ်ခတ်မှုသတင်းကိုကြားပြီးနောက်တွင် ကျောင်းသားမိဘများက စာသင်ကျောင်းကို အလျင်အမြန်ရောက်ရှိလာခဲ့ကြ ပြီး ၎င်းတို့သားသမီးများအား လာရောက်ခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၇) ရက်နေ့က ဘန်ကောက်မြို့ မြောက်ပိုင်းတွင်ရှိသည့် ဒက်ဘ်ဆီရင် နွန်သာဘူရီစာသင်ကျောင်းတွင် အသက် (၁၄) နှစ်အရွယ် ကျောင်းသား( ၁) ဦးက ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်းသူ (၁) ဦး ပစ်သတ်ခဲ့ပြီး မိမိ ကိုယ်ကို အဆုံးစီရင်ခဲ့သည့် ဖြစ်စဥ်ပြီးနောက်မှာ ထိုင်း စာသင်ကျောင်းများတွင် လုံခြုံရေး တိုးမြှင့်ထားချိန်၌ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်ကို ကျူးလွန်သောကျောင်းသားသည် နေအိမ်တွင် သူ၏ အဘိုးနှင့် အဘွားဖြစ်သူကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရသည်။

Ref; Khaosod, The Thaiger
Photo – The Thaiger

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ