
AB News – ဇွန် ၁၉၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခါဂရာချာရီ (Khagrachhari) ခရိုင်၊ ဂွီမာရာ (Guimara) မြို့နယ်မှ မရမာ တိုင်းရင်းသူ မုဆိုးမအမျိုးသမီးတစ်ဦးအား “အလုပ်ပေးမည်” ဟု မက်လုံးပေးကာ စစ်တကောင်း (Chittagong) ခရိုင်၊ ဟာသဇာရီ (Hathazari) သို့ ခေါ်ဆောင်သွားပြီးနောက် စုပေါင်းမုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း မီဒီယာများတွင် ဖော်ပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားပြီးနောက် ရဲတပ်ဖွဲ့က အဓိကတရားခံကို ဖမ်းဆီးရမိခဲ့ပြီး အမှုနှင့် ဆက်စပ်နေသည့် ကျန်တရားခံ ၃ ဦးကို ဖမ်းဆီးနိုင်ရန်လည်း ဆက်လက်ရှာဖွေစစ်ဆေးနေကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဇွန်လ ၁၃ ရက်နေ့တွင် ဂွီမာရာမြို့နယ် (Guimara) ၊ဟာ့ဖ်ချာရီ(Hafchhari) ကျေးရွာအုပ်စု၊ ကူကီချာရာ (Kukichhara) ဒေသ၌ နေထိုင်သော အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးအား ၎င်းနှင့်မြို့နယ်တူ ဘိုရွိုင်းတိုလီ (Boroitoli) ကျေးရွာမှ မြာချိုင်း ဆိုသူက ပုဂ္ဂလိကလုပ်ငန်းတစ်ခုတွင် အလုပ်သွင်းပေးမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။
၎င်းနောက် အဆိုပါအလုပ်အကိုင်ရမည်ဟု အကြောင်းပြချက်ဖြင့် ထိုအမျိုးသမီးအား စစ်တကောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
တိုင်ကြားချက်အရ စစ်တကောင်းသို့ ရောက်ရှိသည့်နေ့ ညမှာပင် ဟာသဇာရီဒေသရှိ (Hathazari) နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားပြီးနောက် မြာချိုင်း အပါအဝင် လူလေးဦးက ထိုအမျိုးသမီးအား စုပေါင်းမုဒိမ်းကျင့်ခဲ့ကြကြောင်း သိရသည်။
နစ်နာသူအမျိုးသမီး၏ မောင်ဖြစ်သူက “တရားခံ မြာချိုင်း ဟာ ကျနော်တို့နဲ့ အိမ်နီးချင်းရွာက ဖြစ်ပါတယ်။ အစ်မဖြစ်သူကို အလုပ်ရှာပေးမယ်ဆိုတဲ့ ကတိနဲ့ စစ်တကောင်းကို ခေါ်သွားပြီးမှ အခုလို ရက်စက်ကြမ်းကြုတ်တဲ့ ဒုက္ခပေးခဲ့တာပါ” ဟု ပြောသည်။
ဂွီမာရာ (Guimara) ရဲစခန်းမှ စခန်းမှူး (OC) မိုဟာမက် ဆိုဟာဝါဒီက ကြာသပတေးနေ့ ညနေ ၄ နာရီခွဲခန့်တွင် နစ်နာသူ၏မောင်ဖြစ်သူက တရားခံလေးဦး၏ အမည်ကိုဖော်ပြကာ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ပြောကြားသည်။
အမှုဖွင့်ပြီးသည်နှင့် ရဲတပ်ဖွဲ့က အဓိကတရားခံ ဖြစ်သူ မြာချိုင်း ကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျန်တရားခံ ၃ ဦးကို ဖမ်းဆီးရမိရေးအတွက်လည်း ဆက်လက်ကြိုးပမ်းလျက်ရှိသည်။
လက်ရှိတွင် နစ်နာသူအမျိုးသမီးအား ခါဂရာချာရီ(Khagrachhari) ဆဒါးရ်( Sadar) ဆေးရုံတွင် ကုသမှုခံယူပြီးနောက် ကနဦးဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှု တိုးတက်မှုအပေါ် မူတည်၍ နောက်ဆက်တွဲ ဥပဒေကြောင်းအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲစခန်းမှူးက ပြောကြားထားသည်။