
AB News – မေ ၁၆၊ ၂၀၂၆
မကွေးတိုင်း၊ ဆောမြို့တွင် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုများ ပြင်းထန်နေပြီး ဒေသခံများအား စစ်ကော်မရှင်တပ်မှ အကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် လောင်ရှည် ကပစ (၂၅)မှ ထွက်လာသည့် အင်အား ၄၀၀ ခန့်ပါဝင်သည့် စစ်ကော်မရှင်တပ်သည် ဆောမြို့သို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံများအား ရိုက်နှက်၊ ဖမ်းဆီး၊ အနှိပ်အဖျက်လုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သည့်အတွက် ဒေသခံများအနေဖြင့် တိုက်ပွဲများကြားမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လိုအပ်ကြောင်း မေလ ၁၅ ရက်နေ့တွင် ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ထုတ်ပြန်ခဲ့သည်။
ဒေသခံများ၏ ပြောကြားချက်အရ တိုက်ပွဲ ပြင်းထန်လာနိုင်ပြီး ဆောမြို့ကို ပိတ်ထားခြင်းကြောင့် ချင်းနှင့် ရက္ခိုင်ဆီသို့ သယ်ယူပို့ဆောင်မှု လမ်းများ ရပ်သွားမည်ကို စိုးရိမ်နေကြသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ဆောမြို့နှင့် တပြင်းကျေးရွာအနီးတွင် တပ်ဖြန့်ထားပြီး လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းထောက်ပို့မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်မှ အင်အား ၁၅၀ ခန့်ဖြင့် အင်းချောင်းဘက်တွင် နေရာယူထားပြီး ကျန်ရှိသော စစ်သားများကို ဦးဖိုးလှိုင်ခန်းမ၊ ဝိမုတ္တိဘုရားကုန်းနှင့် မီးသတ်ကုန်းများတွင် တပ်ဖြန့်ထားကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် တပြင်းကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား Y-12 ထောက်ပို့လေယာဉ်ဖြင့် လေကြောင်းမှ ရိက္ခာ ၁၂ ထုတ် ချပေးခဲ့ကြောင်း သိရသည်။
မေလ ၁၄ ရက်နေ့တွင်လည်း ဆောမြို့ခံ လူငယ်တစ်ဦးကို စစ်ကြောင်းထိုးဝင်လာသည့် စစ်ကော်မရှင်တပ်သားများက ဖမ်းဆီးကာ ရိုက်နှက်ခြိမ်းခြောက်နေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံနှံ့လျက်ရှိနေသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဧပြီလအတွင်း ဆောလမ်းတစ်လျှောက် ထိန်းချုပ်ပြီးနောက် အင်အားရာဂဏန်းဖြင့် နေရာယူထား၍ ရက္ခိုင်ခရီးသွားပြည်သူများအနေဖြင့် အသွားအလာတွင် သတိထား ဆင်ခြင်ရန် လိုအပ်ကြောင်း ဆောမြို့နယ်ရှိ ရက္ခိုင်ကုန်သည်များက ဆိုကြသည်။
ဓာတ်ပုံ – လူမူကွန်ရက်(ပုံဟောင်း)