သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နွေဦးသင်္ကြန် တိုကျို၊ ဂျပန်မှ ရက္ခိုင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ငွေကျပ် သိန်း ၂၆၀ ကျော် လှူဒါန်း

AB News – ဇူလိုင် ၂၁၊ ၂၀၂၆

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် နွေဦးသင်္ကြန် တိုကျို၊ ဂျပန် ပွဲတော်မှ ရရှိသော အလှူငွေများအနက် မြန်မာကျပ်ငွေ သိန်း ၂၆၀ ကျော်ကို ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ နွေဦးသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် NUG Support Team Japan က ဦးဆောင်ကျင်းပခဲ့ပြီး ဂျပန်နိုင်ငံရောက် ရက္ခိုင်များအပါအဝင် အခြားတိုင်းရင်းသားအသိုင်းအဝိုင်းများကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ ပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Koto City ရှိ Kiba Park တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲတော်မှ ရရှိခဲ့သည့် အလှူငွေ ယန်း ¥-1,035,000 (ဆယ်သိန်းသုံးသောင်းငါးထောင်) ကို မြန်မာကျပ်ငွေ ၂၆,၅၃၈,၀၀၀ ကျပ် ( နှစ်ရာ့ခြောက်ဆယ့် ငါးသိန်းသုံးသောင်းရှစ်ထောင်)အဖြစ် ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှတစ်ဆင့် ဇူလိုင်လ ၁၂ ရက်တွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုအပေါ် “ ၂၀၂၆ ခုနှစ် နွေဦးသင်္ကြန် တိုကျိုဂျပန် ၏ လူသားအချင်းချင်းစာနာထားရှိသော မေတ္တာတရားအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ (၃) ထွန်းမင်းနိုင်က လက်မှတ်ရေးထိုးထားသည့် ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ဂုဏ်ပြုလွှာ တစ်စောင်ကို ပေးပို့ခဲ့သည်။

ထို့အပြင် နွေဦးသင်္ကြန်ပွဲတော်မှ ရရှိသော အသားတင်အမြတ်ငွေများကို ရက္ခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း စစ်ကော်မရှင်တပ်၏ ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီများအဖြစ် ဆက်လက် ပေးပို့လှူဒါန်းလျက်ရှိကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ