AB News – ဇူလိုင် ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် စေတီကွင်းရပ်ရွာများကို ယနေ့ ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင် စစ်ရေယာဉ် (နေဗီ) မှ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဒဏ်ရာရရှိခဲ့သူများမှာ ကျိန္တလီမြို့၊ အမှတ် (၃) ရပ်ကွက်မှ အသက် ၅ နှစ်အရွယ် မရတနာထွန်း၊ ဒေါ်မထား (၄၅)နှစ်၊ ဒေါ်သန်းမေ (၇၄)နှစ်၊ ဦးညိုထွန်း (၄၈)နှစ်၊ မသင်းသီရိထွန်း (၁၇)နှစ်၊ ဒေါ်မိဝိုင်း (၅၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက် ၅ နာရီ၊ ၅၀ မိနစ်အချိန်မှစတင်၍ နံနက် ၉ နာရီ၊ ၃၃ မိနစ်အချိန်အထိ စစ်ရေယာဉ်မှ ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက်နှင့် စေတီကွင်းရပ်ရွာများအတွင်းသို့ လက်နက်ကြီးကျည် အလုံးပေါင်း ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်မှုကြောင့် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကျိန္တလီမြို့၊ အမှတ် (၃) ရပ်ကွက်၊ သဇင်လမ်းရှိ အဖ ဦးဖိုးဆိတ်၏ သမီး မထား၏နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး၊ နှင်းဆီလမ်းရှိ အဖဦးသိန်းဝင်း၏သား ပိုင်စိုးအောင်၏ နေအိမ်နောက်ဘက် သစ်ပင်အနီးသို့လည်း လက်နက်ကြီးကျည် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ၎င်းအနီးဝန်းကျင်ရှိ အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၁ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အလားတူ စစ်ရေယာဉ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့သည် စေတီကွင်းရပ်ရွာဘက်သို့ ကျရောက်ခဲ့သော်လည်း ရွာအနီးရှိ တောင်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
(ဓာတ်ပုံ – Arakan Bay News)



