သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင်  ၇ တန်း ကျောင်းသူ ၁ ဦး ရေနစ်သေဆုံး

AB News – မတ် ၁၉ ၊ ၂၀၂၆

ကျောက်တော်မြို့နယ် ၊အပေါက်ဝ​​ကျေးရွာ အနီးကုလားတန်မြစ်အတွင်း  အဝတ်လျှော်၊ ရေချိုးဆင်းသည့် ၇ တန်း ကျောင်းသူ ၁ ဦးရေနစ်သေဆုံး သွားကြောင်းသိရသည်။

ရေနစ် သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ အပေါက်ဝ‌ကျေးရွာ ရန်တား(ရင်းဒါး)ရပ်ကွက်မှ ဦးထွန်းထွန်းဦးနှင့် ဒေါ်လှအေးတို့၏သမီး  အသက် ၁၄ နှစ်အရွယ် မမေဇူလှိုင်ဖြစ်သည်။

ယမန်နေ့ မတ် ၁၇ ရက်နေ့ ၊ညနေ ၅ နာရီအချိန်ခန့်တွင်  မမေဇူလှိုင်အပါအဝင် အမျိုးသမီးလေးဦးသည် ကုလားတန်မြစ်ကမ်းဘေး၌ အဝတ်သွားရောက်လျှော်ဖွတ်ပြီး  ရေဆင်းချိုးရာမှ မမေဇူလှိုင်မှာ ရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။

သူမနှင့်အတူ အဝတ်သွားလျှော်ပြီးအသက်ဘေးမှ လွတ်မြောက်ခဲ့သည့် အမျိုးသမီးသုံးဦးမှာ  ဒေါ်လှညွှန့်ရီ၊  ဒေါ်ခင်မာအေး အသက် (၃၀) နှင့် သမီး မရွှေဇင်ဦး(၁၄)နှစ်တို့ဖြစ်သည်။

သေဆုံးသွားသည့် မမေဇူလှိုင် သည် အသက် ၇ဝ ကျော်အရွယ် အဖွားဖြစ်သူ ဒေါ်ဝေမဖြူ နှင့် အတူနေထိုင်နေသူ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ရေနစ်မြုပ် ပျောက်ဆုံးနေသည့် မမေဇူလှိုင်၏ ရုပ်အလောင်းကို ရွာသားများက ကုလားတန်မြစ်အတွင်း ရှာဖွေနေကြောင်း သိရသည်။

ပြီးခဲ့သည်​လ မတ် ၁၆ ရက်နေ့ ၊နေ့လည် ၁နာရီခန့် အချိန်တွင် မောင်တောမြို့နယ် ၊ ကညင်ချောင်း စီးပွားရေးဇုန်၌ ရေနစ်သေဆုံးနေသည့်အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်။

မတ်လ ၁၄ ရက်နေ့တွင်လည်း မြောက်ဦးတွင် အသက် (၁၃) နှစ်အရွယ်နှင့် အသက် (၁၄) နှစ်အရွယ် အလယ်တန်း ကျောင်းသူနှစ်ဦး အလယ်စျေးချောင်းတွင် ရေဆင်းချိုးရာ၌ ရေနစ်သေဆုံးခဲ့သည်။

အလားတူဖေဖော်ဝါရီလ (၁၈) ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဖားပျော် (ရခိုင်) ကျေးရွာတွင် ဝက်ရှူးပြန်ရောဂါဝေဒနာ ခံစားနေရသည့် အမျိုးသမီး ရေနစ်သေဆုံးခဲ့သည်။

AB_News #RakhineState #Kyauktaw #KaladanRiver #DrowningIncident #StudentSafety #PublicSafety #WaterSafety #RakhineNews #DrowningPrevention

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ