AB News – မေ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ယနေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်ယောဥ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံများက ဆိုကြသည်။
ယနေ့နံနက် ၉ နာရီခန့်တွင် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ ၂ စီးသည် ကျိန္တလီမြို့ပေါ်သို့ ရောက်ရှိလာပြီး ၁၀ ကြိမ်ခန့် ဗုံးကြဲချသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဒီနေ့မနက်မှာ လေယာဉ် ၂ စီးနဲ့ မြို့ပေါ်ကို ၁၀ ကြိမ်လောက် လာကြဲသွားတာ။ ဗုံးသီးတွေက အမှတ် (၂) ရပ်ကွက်ထဲကို ကျပြီး ပေါက်ကွဲတာကြောင့် လူတွေတော်တော်များများ ဒဏ်ရာရကုန်ကြတယ်” ဟု ကျိန္တလီ မြို့ခံ တစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့သူများမှာ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်ကြသည့် အသက် ၃၉ နှစ်အရွယ် ဦးညီငယ်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်ပုမ၊ အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်သက်၊ အသက် ၄၅ နှစ်အရွယ် ဦးဌေးလွင်၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်မိုး၊ အသက် ၄၀ အရွယ် ဒေါ်ကြည်ကြည်၊ အသက် ၆၂ နှစ်အရွယ် ဦးမြင့်ဝင်းတင်၊ အသက် ၃၃ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်နှင့် အသက် ၂၈ နှစ်အရွယ် မေငယ်တို့ ဖြစ်ကြသည်။
ထို့ပြင် ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် အမှတ် ၂ ရပ်ကွက်အတွင်းရှိ အရပ်သားလူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ကော်မရှင်တပ်သည် ၎င်းတို့စစ်ရှုံးနေသည့် ဒေသများရှိ လူနေရပ်ကွက်များနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ထောက်ပြပြောဆိုကြသည်။
ဓာတ်ပုံ – APM








