
AB News – ဧပြီ ၂၆၊ ၂၀၂၆
ဟိန်းထွန်း ရေးသည်။
ရက္ခိုင်ပြည်၏ သမိုင်းစာမျက်နှာများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော လူမျိုးစုများအကြား သံသယ၊ ပဋိပက္ခနှင့် ခွဲခြားဆက်ဆံမှုများဖြင့် အရောင်ဆိုးခြင်း ခံခဲ့ရသည်။
အထူးသဖြင့် ရက္ခိုင်နှင့် မူဆလင်လူမျိုးများအကြား ပြတ်တောက်နေခဲ့သည့် လူမှုဆက်ဆံရေးသည် ဒေသတွင်း တည်ငြိမ်ရေးကို အကြီးအကျယ် ခြိမ်းခြောက်ခဲ့ပြီး၊ ကုစားရန် ခက်ခဲ့လှသော သမိုင်းပေး ဒဏ်ရာဟောင်းတစ်ခုကဲ့သို့ပင် လူ့အဖွဲ့အစည်း၏ အလွှာအသီးသီးတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ရက္ခိုင်ပြည်၏ နိုင်ငံရေးနှင့် စစ်ရေးမြေပုံသည် မည်သူမျှ မျှော်လင့်မထားသော အပြောင်းအလဲကြီးတစ်ခုဆီသို့ ဦးတည်လာခဲ့တော့သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် အာရက္ခတပ်တော် (AA) တို့က ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများတွင် “အာရက္ခပြည်သူ့အစိုးရ” အဖြစ် အုပ်ချုပ်ရေးယန္တရားကို စနစ်တကျ တည်ဆောက်လာသောအခါ ယခင်က မဖြစ်နိုင်ဟု ယူဆခဲ့သော သမိုင်းဝင် အချိုးအကွေ့တစ်ခု ပေါ်ထွန်းလာခဲ့သည်။
ယင်းမှာ မူဆလင်လူမျိုးစုဝင် ၅,၀၀၀ ကျော်ကို အစိုးရဝန်ထမ်းများအဖြစ် တရားဝင် ခန့်အပ်တာဝန်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ယင်းခြေလှမ်းသည် ပဋိပက္ခကြားမှ မွေးဖွားလာသော “ယုံကြည်မှုတံတားသစ်” တစ်စင်းကို ခိုင်မာစွာတည်ဆောက်နေပြီဟူသော သတင်းစကားကို ကမ္ဘာသို့ ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
ရက္ခိုင်ပြည်၏ လူမျိုးရေး ပဋိပက္ခများသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ကိုလိုနီခေတ်လွန် နိုင်ငံရေးမဟာဗျူဟာများနှင့် မြန်မာစစ်အစိုးရ အဆက်ဆက်၏ “သွေးခွဲအုပ်ချုပ်ရေး” (Divide and Rule) မူဝါဒများ၏ ရလဒ်များဖြစ်သည်။
အထူးသဖြင့် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်များ၏ အကြမ်းဖက်မှုများသည် လူမျိုးနှစ်ရပ်အကြား ယုံကြည်မှုအုတ်မြစ်များကို အခြေအမြစ်အထိ ပြိုလဲပျက်စီးစေခဲ့ပြီး ရက္ခိုင်ပြည်ကိုလည်း ကမ္ဘာ့အမြင်တွင် “ဖြေရှင်းရန် မဖြစ်နိုင်တော့သည့် ပဋိပက္ခဗဟိုချက် ” အဖြစ် တံဆိပ်ကပ် ခံခဲ့ရသည်။
၂၀၂၄ ခုနှစ်တွင် စစ်ကော်မရှင်သည် ၎င်းတို့၏ စစ်ရှုံးမှုကို ဖုံးကွယ်ရန်နှင့် အာရက္ခတပ်တော်၏ ထိုးစစ်ကို ဟန့်တားရန်အတွက် မူဆလင်များကို အဓမ္မစစ်သားစုဆောင်းခြင်း၊ မြို့တွင်း၌ လူမျိုးရေးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းဖြင့် ပဋိပက္ခအဟောင်းကို ပြန်လည်မွှေးခဲ့သည်။
သို့သော် ယနေ့တွင် ထိုသံသယနံရံများကို ခိုင်မာသော နိုင်ငံရေးသန္နိဋ္ဌာန်ဖြင့် လက်တွေ့ကျကျ ဖြိုဖျက်လျက်ရှိသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကော်မရှင်၏ သွေးထိုးမှုကို သတိပေးခဲ့သလိုပင် ULA/AA သည် “ငါတို့နှင့် သူတို့ “ဟူသော ခွဲခြားမှုကို ပယ်ဖျက်ကာ “အာရက္ခပြည်သူ”ဟူသော ဘုံအမျိုးသားရေး ခေါင်းစဉ်အောက်၌ လူမျိုးစုအားလုံး အတူယှဉ်တွဲနေထိုင်နိုင်သည့် အနာဂတ်အသစ်သို့ ဖိတ်ခေါ်ခဲ့သည်။
ဤသည်မှာ ဆယ်စုနှစ်များစွာက မဖြစ်နိုင်ဟု သတ်မှတ်ထားသည့် အတားအဆီးများကို ရိုက်ချိုးလိုက်သော ခြေလှမ်းဖြစ်ပြီး၊ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော ” အာရက္ခအိပ်မက် ” (Arakan Dream) ကို အကောင်အထည်ဖော်ရန် ခိုင်မာသော နိုင်ငံရေးရူပါရုံနှင့် ဦးဆောင်မှုစွမ်းရည်ကိုပါ ပိုင်ဆိုင်ထားကြောင်း ကမ္ဘာသို့ ထင်ရှားစွာ သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိတွင် မူဆလင်ဝန်ထမ်း ၅,၀၀၀ ကျော်၏ ပါဝင်မှုသည် စာရွက်ပေါ်ရှိ ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ မြေပြင်အုပ်ချုပ်ရေးယန္တရားကို အမှန်တကယ် မောင်းနှင်နေသည့် အင်အားစုတစ်ခု ဖြစ်လာပြီး ယင်းအရာရှိများသည် တံတား၏ အဓိက မဏ္ဍိုင်များဖြစ်ကြသည်။
အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ VOA သတင်းဌာနနှင့် အင်တာဗျူးတွင် “အာရက္ခအပေါ် သစ္စာရှိသည့် မူဆလင်များသည် ရဲချုပ်များ၊ အဆင့်မြင့်အရာရှိများ ဖြစ်လာလိမ့်မည်” ဟု အတိအလင်း ပြောကြားခဲ့သည့်အတိုင်း ယခုအခါ မူဆလင် DLEPS တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ခိုင်ခံ့စေမည့် အရေးပါသော အစိတ်အပိုင်းများအဖြစ် လက်တွေ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ဝန်ထမ်းများ ခန့်အပ်ခြင်းသည် အုပ်ချုပ်ရေးပိုင်းတွင် လူမျိုးစုအားလုံး၏ အသံကို ကိုယ်စားပြုစေရုံသာမက၊ တရားဥပဒေစိုးမိုးရေးတွင်လည်း ပိုမိုထိရောက်စေသည်။ မူဆလင်ကျေးရွာများတွင် မူဆလင် DLEPS ဝန်ထမ်းများက တာဝန်ယူခြင်းသည် ယခင်က ရှိခဲ့သော ကြောက်ရွံ့မှုနှင့် ဖိနှိပ်မှုကို လျော့ကျစေကြောင်း ပြည်သူများကဆိုသည်။
အုပ်ချုပ်ရေးပြောင်းလဲမှု နှင့် ပတ်သက်၍ မောင်တောမှ မူဆလင်ဘာသာရေး ခေါင်းဆောင်တစ်ဦးက ယခုလို ပြောသည်။
“အရင်ကတော့ ကျနော်တို့ဟာ အစိုးရယန္တရားရဲ့ ပြင်ပမှာပဲ နေခဲ့ရတာပါ။ အခုလို ကိုယ့်လူမျိုးတွေက ရဲအရာရှိတွေ၊ ဝန်ထမ်းတွေအဖြစ်နဲ့ တရားဥပဒေစိုးမိုးရေးမှာ ပါဝင်လာရတာဟာ တစ်ဖက်နဲ့တစ်ဖက် သံသယတွေကို လျော့ကျစေပါတယ်။ ဒါဟာ ကျနော်တို့အတွက်တော့ တကယ့်ကို အားတက်စရာ ကောင်းတဲ့ ခြေလှမ်းသစ်တစ်ခုပါပဲ”ဟု ဆိုသည်။
ယုံကြည်မှု တည်ဆောက်ရာတွင် အထိရှအလွယ်ဆုံးနှင့် အရေးကြီးဆုံးမှာ ဘာသာရေးလွတ်လပ်ခွင့်ဖြစ်သည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်များကြောင့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ ၁၃ နှစ်တိုင်တိုင် ပိတ်ထားခဲ့ရသော မောင်တောမြို့၏ သမိုင်းဝင် မြို့မဂျာမေဗလီကြီးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းသည် သမိုင်းဝင် မှတ်တိုင်တစ်ခု ဖြစ်ပေသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် အဆိုပါ ဗလီကြီးသို့ သွားရောက်ကာ မူဆလင်ဘာသာရေးခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီးနောက်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဗလီကြီးကို တရားဝင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
ယင်းလုပ်ရပ်သည် ဘာသာရေးခွဲခြားမှုမရှိဘဲ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးမည်ဟူသော ကတိကဝတ်ကို လက်တွေ့ ပြသလိုက်ခြင်းလည်း ဖြစ်သည်။
“ဗလီဝတ်ကျောင်းတော်အတွင်းကနေ ဆုတောင်းသံတွေ ပြန်ထွက်လာနိုင်တာဟာ အာရက္ခအစိုးရက ဘာသာဝင်အားလုံးကို တန်းတူအလေးထားတယ်ဆိုတဲ့ သက်သေပါပဲ။ ဗိုလ်ချုပ်ကိုယ်တိုင် ကျနော်တို့ဆီ လာရောက်တာဟာ ကမ္ဘာက စွပ်စွဲနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို လက်တွေ့နဲ့ တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။”ဘာသာရေးဆရာက ဆိုသည်။
ယင်းသို့သော ဘာသာရေးလွတ်လပ်ခွင့်များအပြင် ဈေးကွက်အတွင်း စီးပွားရေးအရ အပြန်အလှန် အမှီသဟဲပြုမှုများ၊ ဆေးရုံဆေးခန်းများတွင် လူမျိုးဘာသာမရွေး အပြန်အလှန် ဖေးမကူညီပေးနေကြသည့် လူသားဆန်သော မြင်ကွင်းများသည် အမုန်းတရားကို ဖျက်ဆီးရန်နှင့် သဟဇာတဖြစ်မှုကို တည်ဆောက်ရန် အင်အားအကောင်းဆုံးသော လက်နက်များ ဖြစ်လာသည်။
ULA ၏ အုပ်ချုပ်ရေးအောက်တွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည်လည်း လူမျိုးစွဲ၊ ဘာသာစွဲမရှိသော မူဝါဒကို ကျင့်သုံးလာသည်ကိုတွေ့ရသည်။ မူဆလင်ကျေးရွာများရှိ စာသင်ကျောင်းများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပညာရေးဌာနက ကျောင်းသုံးစာအုပ်များနှင့် ဆရာ၊ ဆရာမများကို ကူညီပံ့ပိုးပေးလျက်ရှိသည်။
ရက္ခိုင်ကျောင်းသားများနှင့် မူဆလင်ကျောင်းသားများ အတူတကွ ကစားနေကြသည့် မြင်ကွင်းများသည် အနာဂတ် ရက္ခိုင်ပြည်၏ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ပြယုဂ်တစ်ခုဖြစ်လာနိုင်ကြောင်း မူဆလင်အသိုင်းအဝိုင်းက ဆိုသည်။
ကျန်းမာရေးကဏ္ဍတွင်လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ နယ်လှည့်ဆေးကုသရေးအဖွဲ့များသည် မူဆလင်ကျေးရွာများသို့ သွားပြီး ဆေးဝါးများ ကုသပေးလျက်ရှိသည်။ ဆေးရုံများတွင်လည်း မူဆလင်ဝန်ထမ်းများက ရက္ခိုင်လူနာများကို ပြုစုခြင်း၊ ရက္ခိုင်ဆရာဝန်များက မူဆလင်လူနာများကို ကုသခြင်းတို့သည် ဆယ်စုနှစ်များစွာက ပျောက်ဆုံးနေခဲ့သော လူသားချင်းစာနာထောက်ထားမှုကို ပြန်လည်နိုးထစေခဲ့သည်။ ဤသည်မှာ လက်နက်ဖြင့်သာမက နှလုံးသားဖြင့် တည်ဆောက်နေသော အုပ်ချုပ်ရေးပင်ဖြစ်သည်။
သို့သော် ဤယုံကြည်မှုတံတားကို ခိုင်ခံ့အောင် တည်ဆောက်ရာတွင် အဆူးအငြောင့်များကင်းသည့် လမ်းတော့မဟုတ်ပေ။ ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သော သံသယစိတ်များကို ရက်ပိုင်း၊ လပိုင်းအတွင်း ချေဖျက်ရန်မှာ လက်တွေ့မြေပြင်တွင် ကြီးမားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။
အထူးသဖြင့် ပြင်ပအင်အားစုအချို့နှင့် အစွန်းရောက် အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ လူမှုကွန်ရက်ပေါ်မှ တန်ပြန်ဝါဒဖြန့်မှုများသည် အားကောင်းနေဆဲ ဖြစ်သည်။ အတိတ်က နာကျည်းချက်များကို အသုံးချကာ နှစ်ဖက်လူ့အဖွဲ့အစည်းကြား သဟဇာတဖြစ်မှုကို ပျက်စီးစေလိုသည့် “သတင်းမှား” (Disinformation) များသည်ယုံကြည်မှုတံတားကို ဖြိုဖျက်ရန် အဆက်မပြတ် ကြိုးစားနေကြသည်။
ထို့အပြင် မြေပြင်အုပ်ချုပ်ရေးတွင် ပါဝင်လာသည့် မူဆလင်ဝန်ထမ်းများ အနေဖြင့်လည်း အစွန်းရောက်အုပ်စုများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသလို၊ အခြားတစ်ဖက်တွင်လည်း ရက္ခိုင်လူထုအတွင်းရှိ အတိတ်ဒဏ်ရာမကျေနိုင်သေးသူအချို့၏ ယုံကြည်မှုကို ရရှိရန် ခက်ခဲစွာ ရုန်းကန်နေရသည့် အခြေအနေများလည်း ရှိနေသည်။
သို့သော် ဤလမ်းစဉ်တွင် “သစ္စာရှိမှု” (Allegiance) ဆိုသည့် စိန်ခေါ်မှု ရှိနေဆဲဖြစ်သည်။ ပြင်ပအင်အားစုအချို့နှင့် အစွန်းရောက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများက ဤယုံကြည်မှုတံတားကို ဖြိုဖျက်ရန် ကြိုးစားနေဆဲဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အလေးပေးပြောဆိုသကဲ့သို့ အာရက္ခမြေပေါ်တွင် အတူဒုက္ခခံနေသော မူဆလင်များနှင့် ပြင်ပမှ ဝင်ရောက်နှောင့်ယှက်သူများအကြား ကွာဟချက်ကို သတိထားကိုင်တွယ်ရမည်ဖြစ်သည်။
ULA/AA တည်ဆောက်နေသော “ယုံကြည်မှုတံတားသစ်” သည် ရက္ခိုင်ပြည် အတွက်သာမက မြန်မာ့ နိုင်ငံရေးတစ်ခုလုံးအတွက်ပါ စံနမူနာသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဆိုသည်။
ရက္ခိုင်ပြည်၏ လက်ရှိအခြေအနေကို စောင့်ကြည့်နေသော ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများက ULA/AA ၏ ယခုခြေလှမ်းသည် ရိုးရှင်းသော အုပ်ချုပ်ရေးစီမံချက်ထက် ပိုမိုနက်ရှိုင်းသည့် “မဟာဗျူဟာမြောက် လူမှုပေါင်းစည်းရေး” (Strategic Social Integration) ဖြစ်သည်ဟု ထောက်ပြကြသည်။
ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“သမိုင်းတစ်လျှောက်မှာ ရက္ခိုင်နဲ့ မူဆလင် ပဋိပက္ခဟာ ပြည်မအစိုးရတွေအတွက် ရက္ခိုင်ပြည်ကို ထိန်းချုပ်ဖို့ အသုံးအပြုဆုံး Political Tool (နိုင်ငံရေးလက်နက်) တစ်ခု ဖြစ်ခဲ့ပါတယ်။ အခု ULA/AA က မူဆလင် ၅,၀၀၀ ကျော်ကို ဝန်ထမ်းခန့်လိုက်တာဟာ အဲဒီလက်နက်ကို ဖျက်သိမ်းလိုက်တာပါပဲ။ ဒါဟာ လူသားချင်းစာနာမှုသက်သက်တင် မဟုတ်ပဲ အနာဂတ်မှာ ဖြစ်လာမယ့် ဘယ်လိုသွေးထိုးမှုမျိုးကိုမဆို ကြိုတင်ကာကွယ်လိုက်တဲ့ ‘Diplomatic Masterstroke (သံတမန်ရေးရာ ပါးနပ်မှု) လို့ ပြောလို့ရပါတယ်”ဟု ဆိုသည်။
ထို့အပြင် သုံးသပ်သူများက ဤသို့ ဝန်ထမ်းခန့်အပ်ခြင်းသည် ဒေသတွင်းရှိ မူဆလင်လူငယ်များအနေဖြင့် အစွန်းရောက်အဖွဲ့အစည်းများ၏ စည်းရုံးမှုအောက်သို့ မကျရောက်စေရန် တားဆီးပေးသည့် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းလည်း ဆိုကြသည်။
လူမျိုးရေးကို အခြေခံသည့် ပဋိပက္ခများကို လက်နက်ဖြင့်သာမက၊ တရားမျှတသော အုပ်ချုပ်ရေးနှင့် တန်းတူညီမျှသော အခွင့်အရေးများဖြင့် ကုစားနိုင်ကြောင်း ပြသနေခြင်း ဖြစ်သည်။
ပဋိပက္ခကြားမှ မွေးဖွားလာသော ဤတံတားသည် ခိုင်မာရန် လိုအပ်သေးသော်လည်း၊ ယခုအခါ ရက္ခိုင်ပြည်တွင် မူဆလင်နှင့် ရက္ခိုင်တို့သည် အစိုးရရုံးခန်းတစ်ခုတည်းတွင် အတူထိုင်ကာ ပြည်သူ့အကျိုးကို ဆွေးနွေးနေကြပြီဖြစ်သည်။
Photo – APM