သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗဒုံမင်း၏ ကျွန်တော်မျိုးနှင့် ဝါးခြမ်းပြားပေါ်က သမိုင်းအမာရွတ်

AB News – ဆောင်းပါး
ရေးသူ – ရှင်ဝန်း

ရှေးရက္ခိုင်ပြည်၏ ခေတ်ကြီးလေးခေတ်အတွင်း မင်းဆက်ပေါင်း ၂၃၄ ဆက်၊ နှစ်ပေါင်း ၅၁၀၈ နှစ်တိတိ ရက္ခိုင်တို့သည် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာတွင် ထင်ရှား၍ အဓိပတိကိုရောက်ခဲ့သော်လည်း ၁၇ ရာစုကိုရောက်သောအခါ တိုင်းပြည်ကို ဦးဆောင်သော မင်းများ၏ အရည်အချင်း မပြည့်ဝမှုများကြောင့် ရက္ခိုင်အမျိုးသား အချင်းချင်း စည်းရုံးရေးပျက်ပြားခဲ့ပြီး အင်းဝဘုရင် ဗဒုံမင်း သိမ်းယူခြင်းကို ခံခဲ့ရသည်။

ရက္ခိုင်ဘုရင် သမ္မတရာဇာမင်း ဗမာတပ်ထံ အဖမ်းခံရသော နေ့သည် ကောဇာသက္ကရာဇ် ၁၁၄၆ ပြာသိုလပြည့်ကျော် ၁၅ ရက် မွန်းလွဲချိန် ဖြစ်သည်။ ဗမာဘုရင်များ လက်အောက်တွင် နှစ်ပေါင်း ၄၀ အတွင်း ရက္ခိုင်သမိုင်း အမွေအနှစ်များ အဆိုးဝါးဆုံး ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

စေတီပုထိုးများမှ ဌာပနာတို့ကို ဖောက်ထွင်းယူဆောင်သွားခြင်း၊ မဟာမုနိရုပ်ပွားတော်ကြီးအပြင် ရှင်ကျော်မုနိ၊ ရာဇမုနိ၊ ယခု ဇလွန်တွင် ရှိနေသော ပြည်တော်ပြန်ဆင်းထုတော်ကြီး ထုက္ကန့်သိမ် ပုထိုးတော်နှင့် နန်းတွင်းမှ ကြေးဆင်းထုတော်များ၊ ရဟန်းပညာတတ်များကို လူဝတ်လဲပြီး အမရပူရသို့ ခေါ်ယူသွားခြင်း၊ ပိဋကတ်တော်များ သိမ်းဆည်းသွားခြင်းအပြင် ရက္ခိုင်တို့၏ သင်္ဃရာဇာနှင့် ထိန်းသိမ်းလာသော ဗုဒ္ဓဘာသာ အုပ်ချုပ်ရေးစနစ်ကို ဖျက်ဆီးခဲ့ကြသည်။

ဗဒုံမင်း၏သား အိမ်ရှေ့မင်း မောင်ပေါ်ဦးဆောင်သော ရက္ခိုင်ပြည်သိမ်းတပ်သည် အေဒီ ၁၇၈၄ခု ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မြောက်ဦးမြို့ကို သိမ်းယူပြီး ထိုနေ့ညတွင်ပင် ဘုန်းကြီးကျောင်းပေါင်း ကျောင်းကြီး ၃၀၊ ကျောင်းငယ် ၃၆၀၀ တို့ကို မီးရှို့ဖျက်ဆီး၍ မြောက်ဦးမြို့တော်အတွင်း ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ် ၃၀၀၀ ခန့်ကို တစ်ခါတည်း ကွပ်မျက်ခဲ့သည်။

ရက္ခိုင်တို့၏ စာပေအမွေအနှစ် တို့ကိုလည်း သိမ်းယူပြီး ဗမာစာပေ အမွေအနှစ်များအဖြစ် ဗမာမူပြုခဲ့သည်။ မင်းနှင့်တကွ မိဖုရားများ၊ မင်းဆွေမင်းမျိုးများ၊ တပ်ဗိုလ်တပ်မှူးများ၊ အမြောက်ကြီး/ငယ်၊ လက်နက်ကိရိယာမျိုးစုံ၊ ပုဏ္ဏားများ၊ အတတ်ပညာသည်အမျိုးမျိုး၊ သုံ့ပန်းလူသူ ၃၀၀၀၀ကျော်နှင့် ဆင်မြင်းများကို ခေါ်ဆောင်သွားပြီးနောက် ရက္ခိုင်တို့၏ သမိုင်းအမွေအနစ်တို့မှာ လုံးဝပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ရက္ခိုင်ပြည်သည်လည်း သုညအဆင့်သို့ ရောက်ရှိသွားခဲ့တော့သည်။

ရက္ခိုင်ပြည် အနယ်နယ် အရပ်ရပ်မှ ရွာသူကြီးများကို အမိန့်ထုတ်ပြန်သည်မှာ ရက္ခိုင်လူမျိုးအားလုံးသည် ပေရွက် သို့မဟုတ် ဝါးခြမ်းပြားတို့တွင် “ဗဒုံမင်း၏ ကျွန်တော်မျိုး”ဟု စာရေးပြီးလျှင် ဦးဆံတွင် ထိုး၍သော်လည်းကောင်း၊ လည်ပင်းတွင် ဆွဲ၍သော်လည်းကောင်း နေထိုင်မှ ငါတို့လူဟု သတ်မှတ်ကာ အသက်ဘေးမှ ချမ်းသာရမည်။ ထိုသို့မနေသူကို ဗဒုံမင်းကို အာခံနေသူဟု သတ်မှတ်ကာ သတ်ပစ်မည် ဟုအမိန့်ထုတ်ထားသည်။ ထို့ကြောင့် အသက်ဘေးမှ ချမ်းသာလိုသော ရက္ခိုင်သူ၊ ရက္ခိုင်သားများမှာ ပေရွက်၊ ဝါးခြမ်းပြားတို့တွင် “အရှေ့ဘုရင် ဗဒုံမင်း၏ ကျွန်တော်မျိုး” ဟုရေးသားကာ ဦးခေါင်းဆံစတွင် ထိုး၍ နေကြရ၏။ လွန်စွာမှ ရင်နင့်ဖွယ်ကောင်းလှသော အဖြစ်အပျက်တစ်ခုဖြစ်သည်။

ရက္ခိုင်လူမျိုးတို့သည် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားသည့် လူမျိုးများဖြစ်သဖြင့် နောက်နောင်တွင် ဇာတိမာန်နိုးကြားကာ ပုန်ကန်တော်လှန်မှု မဖြစ်စေရအောင် ရွှေနန်းတော်၊ ထီး၊ နာရီစင်၊ ရွန်းစည်၊ မြို့ဝင်တိုင်၊ ရင်တား မြို့အင်္ဂါ ၇ ပါးနှင့် နဝရတ်ကိုးသွယ်တို့ကို ကွယ်ပျောက်စေခဲ့သည်။ ထိုအချိန်မှစ၍ ရက္ခိုင်တို့၏ နှစ်ပေါင်းငါးထောင်ကျော် တည်တံ့လာသော အချုပ်အခြာအာဏာမှာ အနေမစိုး မြေထိုး ပျောက်ကွယ်ခဲ့ရသည်။

ဗဒုံမင်းသည် ရက္ခိုင်ကို အောင်နိုင်သောအခါ စိတ်ကြီးဝင်လာပြီး ယိုးဒယားကို အင်အားအပြည့်ဖြင့် ကျူးကျော်တိုက်ခိုက်ရန် စီစဥ်ပြန်သည်။ ၁၇၈၅-၈၆တွင် ယိုးဒယားစစ်အတွက် ရက္ခိုင်မှ လူ၊ ငွေ၊ ဆန်များစွာ ပေးပို့ရန် အမိန့်ချမှတ်၏။ လက်နက်ကိုင်လူ ၆၀၀၀ တောင်းပြီး ဒါးပိုင်ကြီး စာငယ်စွတ်ကို ဗိုလ်ချုပ်ခန့်၍ ဇင်းမယ်ကို တိုက်ရလေ၏။ ၎င်းတိုက်ပွဲတွင်လည်း ရက္ခိုင်သားတို့သည် တိုက်ပွဲတွင်ကျ၍ သော်လည်းကောင်း၊ ငှက်ဖျားရောဂါဖြစ်၍ သော်လည်းကောင်း အားလုံး သေကြေခဲ့ကြသည်။

ဗဒုံမင်းသည် ယိုးဒယားတို့နှင့် စစ်တိုက်ကြသောအခါ အကြီးအကျယ်ရှုံးနိမ့်၍ ဆုတ်ခွာလာရ၏။ ရက္ခိုင်ပြည်သူတို့မှာကား ဗမာတို့၏ ဖိနှိပ်ရက်စက်မှုမျိုးစုံနှင့် ကြီးလေးသော အခွန်အကောက်တို့ကို ဆက်လက်ခံနေကြရသည်။

၁၇၉၀ တွင် မင်းကွန်းစေတီတည်ရန် ရက္ခိုင်လူမျိုး ၂၀၀၀ ပို့ဆောင်ပေးရပြီး ထောင်ပေါင်းများစွာသော ပြည်နှင်ဒဏ်ခံရသည့် ရက္ခိုင်များနှင့် အခြားလူမျိုးတို့သည် မင်းကွန်းစေတီကြီးကို ၇ နှစ်တိုင်တိုင် ပြုလုပ်ကြရ၏။ မိတ္တိလာကန်တူးရန် လူ ၃၀၀၀ ချောဆွဲခံရ၏။ ၎င်းတို့တစ်ဦးမှ အိမ်ပြန်မရောက်ကြပေ။ မြန်မာမြို့ဝန်များအုပ်ချုပ်စဥ် လူတစ်သိန်းရှစ်သောင်းခန့်မှာ အကြောင်းအမျိုးမျိုးဖြင့် ရက္ခိုင်ပြည်မှ ဖမ်းဆီးခေါ်ယူသွားခြင်း ခံခဲ့ကြရသည်။

ပုန်ကန်မှုများမှာ ရက္ခိုင်ပြည်အနှံ့ ပေါ်ပေါက်ခဲ့သည်။ ထားပိုင်ကြီးကျော်ပုံ၊ တောင်မင်းကျော်ထွေး၊ ငမြရောင်၊ ဓမ္မရာဇ်ရာဇာ၏သား သက်စံရွှေ၊ သမ္မတရာဇာ၏ ညီချစ်လှရွှေ၊ လမ္ဗုစားဟရီတို့ဖြစ်သည်။

ရှေးဦးပုန်ကန်သူများအနက် ထင်ရှားသူမှာ ဗိုလ်ငပေါလုံးဖြစ်သည်။ ငပေါလုံးသည် လမ္ဗုစားငလာခိုင်၊ ငခွက်ပေါက်၊ ကျွဲတစ်ကောင်နိုင်တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ၎င်းတို့၏ လှုပ်ရှားမှုများသည် ၁၇၉၃ တွင် အရှိန်အမြင့်ဆုံးသို့ ရောက်ခဲ့သည်။ ငပေါလုံး၏ လှုပ်ရှားမှု ကြီးမားလာသောကြောင့် မြန်မာတပ်များကို ရက္ခိုင်သို့ ပို့ပေးခဲ့ရသည်။ ငပေါလုံး တပ်ပျက်ပြီး ဘင်္ဂလားသို့ ခိုဝင်ခဲ့ရသည်။

အေဒီ ၁၇၉၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်နေ့တွင် ရက္ခိုင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ငပေါလုံးနှင့်၊ ဗိုလ်ငခွက်ပေါက်တို့အား ဗဒုံမင်းတပ်မှ ဖမ်းမိခဲ့သည်။ ငပေါလုံးသည် “မောင်မင်းတို့ ငါ့ခန္ဓာကို အနိုင်ရသွားသော်လည်း ငါ၏စိတ်ဓာတ် ကို ဘယ်တော့မှ မနိုင်”ဟုပြောပြီး ဗဒုံမင်းအား များစွာ ဆဲရေးမြည်တမ်းခဲ့၏။ ကားစင်တင်ပြီး လက်ဖဝါး၊ ခြေဖဝါးများကို လေးအိမ်သံမှိုဖြင့် ရိုက်ခတ်ကာ အစောင့်များဖြင့် ထား၏။ ကားစင်ထက်တွင် လက်ဝါးသံရိုက်ထားချိန်မှ ၂၄ နာရီအတွင်း ဗိုလ်ငခွက်ပေါက် သေလေသည်။ ဗိုလ်ပေါလုံးမှာကား နာရီ ၆၀ ကြာမှ ကွယ်လွန်သေဆုံးလေသည်။

ရက္ခိုင်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ပေါလုံး၊ ဗိုလ်ခွက်ပေါက်တို့သည်ကား အသက်သေဆုံးသည်အထိ ရက္ခိုင်အာဇာနည် သွေးမော်ကွန်းကို ပြသနိုင်ခဲ့ကြလေသည်။

ဓညဝတီ မြို့ဝန်နန္ဒပကျန် အုပ်ချုပ်စဥ် လေးနှစ်အတွင်း၌ အရပ်ရပ်မှ လူပေါင်းနှစ်သိန်းကျော် သုတ်သင်ခံခဲ့ရသည်။ ကာနယ်အာစ်ကိန်း(Erskin) ၏အစီရင်ခံစာအရ “၁၇၉၃တွင် ရက္ခိုင်ကျား၊ မ၊ ကလေး နှစ်သိန်းခန့် သတ်ဖြတ်ခံရပြီး နှစ်သိန်းခန့်မှာ ကျွန်များအဖြစ် အမရပူရသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း၊ တောတောင်များသို့ ထွက်ပြေးလွတ်မြောက် သွားသူများမှာလည်း မြန်မာတပ်များ၏ ဖမ်းဆီးခံရ၍ဖြစ်စေ၊ ကျားစားခံရ၍ဖြစ်စေ သေဆုံးသွားကြကြောင်း” ဖော်ပြထားသည်။

မြန်မာအုပ်ချုပ်သူတို့ကို တော်လှန်ပုန်ကန်သူတို့အနက် အထင်ရှားဆုံးမှာ ဗိုလ်ချင်းပြန် ဖြစ်သည်။ မြန်မာတပ်များ အားနည်းသည့်ခိုက် သတိကြီးစွာ စည်းရုံးနိုင်ခဲ့၍ မြန်မာလက်အောက် ရက္ခိုင်တို့ထံမှ ထောက်ခံမှုရခဲ့သည်။ ၁၈၁၁ ခု၊ မေလလယ်တွင် စစ်ဆင်တိုက်ခိုက်ခဲ့ရာ မောင်တောကို သိမ်းယူနိုင်ခဲ့သည်။ ဇွန်လအလယ် လောက်တွင် မြောက်ဦးမြို့တော်မှအပ ရက္ခိုင်တစ်ပြည်လုံး ဗိုလ်ချင်းပြန်လက်အောက်ပြန်ရောက်ခဲ့သည်။

ဘိုးတော်ဘုရားက ချင်းပြန်ကို နှိမ်နှင်းရန် အင်အားကြီးမားသော တပ်တော်ကြီးဖွဲ့၍ မင်းလှစည်သူအား တာဝန်ပေးကာ နှိမ်နှင်းစေခဲ့သည်။ ချင်းပြန် က တွန်းလှန်ရန် ကြိုးစားသော်လည်း ၎င်း၏ မှားယွင်းသော အကြံကြောင့် တပ်မှူးခေါင်းဆောင်များ ချင်းပြန်ကို မယုံကြည်ကြတော့ဘဲ ရှောင်တိမ်းသွားခဲ့ကြသည်။ ချင်းပြန်သည် နောင်တပူပန်ဖြစ်၍ ရက္ခိုင်လေးမြို့နေ လူကိုးသောင်းကျော်ကိုခေါ်ပြီး ၁၁၇၄ ခုတွင် စစ်တကောင်းသို့ ဝင်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဗိုလ်ချင်းပြန်၏ တော်လှန်ရေးစစ်အင်အားမှာ ယင်းခေတ်ယင်းအချိန်က ရက္ခိုင်ပြည်ကို ပြန်လည်သိမ်းယူနိုင်သော အင်အားရှိခဲ့သော်လည်း နေရာ၊ အာဏာ ပြဿနာကြောင့် စည်းလုံးရေး ပျက်ပြားကာ တစ်ဖန်ရေတိမ်နစ်ခဲ့ရသည်။ ရက္ခိုင့်နိုင်ငံတော် ထူထောင်ရေး ရည်မှန်းချက်များ ကျဆုံးပျက်ပြားခဲ့ရသည့် ရက္ခိုင်တို့၏ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်ခဲ့သည်။

ရက္ခိုင်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချင်းပြန်သည် အင်္ဂလိပ်တို့ အုပ်ချုပ်ထားသော စစ်တကောင်းဒေသတွင် နေထိုင်၍ မသင့်တော်သောကြောင့် ရက္ခိုင်တိုင်းရင်းသားများ နေထိုင်သော ရက္ခိုင်ချောင်းဒေသတွင် ခိုလှုံနေထိုင်ရင်း အေဒီ ၁၁၇၅ ခု တပို့တွဲလဆုတ် ၆ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

စစ်၏အကျိုးဆက်ကြောင့် ရက္ခိုင်မြေမှာ အိမ်တိုင်နွယ်ရစ် လယ်တောဖြစ်ကာ လူ့အသက်ပေါင်းများစွာ သေကြကြရလေသည်။ အချို့ရက္ခိုင်များလည်း အင်္ဂလိပ်တို့ ထိန်းချုပ်ထားသော စစ်တကောင်းနယ်မြေသို့ ထွက်ပြေးသွားကြ၏။ ယင်းအခြေအနေမှ တစ်ခါ ၁၈၂၆ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ရန္တပိုစာချုပ်အရ ရက္ခိုင်ပြည်သည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရပြန်သည်။

Photo – AI Creation

‎စာရေးသူသည် ဤဆောင်းပါး ‌ရေးသားရာတွင် စာရေးဆရာ ခိုင်မျိုးစောင့်၏ ကိုလိုနီဆိုးမွေခံ ရက္ခိုင်ပြည်နယ်နှင့် စစ်တကောင်းသားတို့၏ နယ်သစ်ချဲ့ရေး ထကြွမှုနှင့် စာရေးဆရာ ခိုင်ဖွား-ပြောင်းဆိပ် ၏ ရခိုင်ထီးနန်း နေညိုကွယ်ပျောက်ချိန်နှင့် နှစ် ၂၃၀ ခန့်သွေးမော်ကွန်း တိုကို့ ကျမ်းကိုးအဖြစ် ကိုးကား၍ ရေးသားခြင်း ဖြစ်ကြောင်း စာဖတ်သူများသို့ အသိပေးအပ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ