သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုများရှိသော်လည်း ဇွဲမလျှော့ဘဲ ဆက်လက်ချီတက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

AB News – မေ ၅၊ ၂၀၂၆

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ မိန့်ခွန်းပြောကြားရာတွင် တော်လှန်ရေးအတွင်း ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စစ်ရေးစိန်ခေါ်မှုများကို ဇွဲရှိရှိဖြင့် ကျော်ဖြတ်ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

လက်ရှိတွင် နိုင်ငံရေးအရ အကျပ်အတည်းများရှိနေပြီး စစ်ရေးအရ အချို့သော နယ်မြေလက်လွှတ်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်မှာ အရှိတရားဖြစ်ကြောင်းနှင့် တော်လှန်ရေး၏ သဘောသဘာဝအရ အတက်အကျရှိနိုင်သဖြင့် ယင်းအခြေအနေများကို ဇွဲရှိရှိ ကျော်ဖြတ်ရန် လိုအပ်ကြောင်း ယာယီသမ္မတ က ထည့်သွင်းပြောကြားထားသည်။

PDF ရဲဘော်များသည် လက်ရှိတွင် တော်လှန်ရေးသမားများအဖြစ် တာဝန်ထမ်းဆောင်နေသကဲ့သို့ တော်လှန်ရေးအလွန်ကာလတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် “တိုင်းပြုပြည်ပြုသမားများ” အဖြစ် ဆက်လက်ပါဝင်ရမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

NUG အစိုးရအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်အတူ လက်တွဲ၍ ပြတ်ပြတ်သားသား ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၅ နှစ်တာကာလအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခု၊ တပ်ရင်းပေါင်း ၃၆၀ ကို တစ်ခုတည်းသော ကွပ်ကဲမှုအောက်မှာ ထားရှိဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကို ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ၅ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

အလားတူပင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ယခုလျှောက်လှမ်းနေသည့် တော်လှန်ရေးခရီးသည် ရှည်လျားခက်ခဲလှသဖြင့် ပင်ပန်းနွမ်းနယ်မှုများ ရှိနိုင်သော်လည်း ယင်းမှာ လမ်းခုလတ်တွင် ရပ်တန့်ရန် မဟုတ်ဘဲ ခေတ္တနားနေခြင်းသာ ဖြစ်သင့်ကြောင်း၊ အဓိကမှာ လမ်းဆုံးပန်းတိုင်အထိ ရောက်ရှိရန်နှင့် ခရီးဖော်အချင်းချင်း ပြန်လည်တွဲခေါ်ကာ စည်းလုံးစွာ ရှေ့ဆက်ရန်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ