ABN-မေ ၁၉ ရက်
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်တန်းကျွန်း၊ ကြိမ်ကျွန်းရွာတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်များအားလုံး ပျက်စီးသွား ကျွဲ၊ နွား ၃၀ နီးပါး သေဆုံးသွားခဲ့ကြောင်း ရွာသားများက ပြောသည်။
ကြိမ်ကျွန်းရွာမှာ မြစ်အနီးရှိပြီး ရွာအနီးတွင်လည်း တော တောင်များမရှိသောကြောင့် တစ်ရွာလုံး ပျက်စီးသွားပြီး ကျွဲ ၊ နွား တိရစ္ဆာန် အကောင်ရေ ၂၉ ကောင်သေဆုံးသွားကြောင်း ရွာလူကြီး ၁ ဦးက ABN သို့ပြောသည်။
“ကျနော်တို့ရွာမှာ အိမ်လည်း တစ်လုံးမှ မကျန်ဘူး။ အကုန် မုန်တိုင်းနဲ့ ပျက်စီးသွားတယ်။ ကျွဲနွားလည်း ၃၀ လောက်ကို သေသွားပါတယ်။ နေဖို့ နေစရာတောင် မရှိတော့ဘူး” ဟု ဦးမောင်စောအေးက ပြောသည်။
ကြိမ်ကျွန်းရွာတွင် နေအိမ် ၇၀ ရှိပြီး နေအိမ်များ အားလုံး အိမ်မိုးခေါင်ပျက်စီးပြီး အိမ်အများစုမှာ အိမ်လုံးကျွတ်ပျက်စီးသွားခဲ့သည်။
ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများလည်း အခေါင်မိုးများပျက်စီးသွားခဲ့သည်။
သင်ပုန်တန်းကျွန်းရှိ ကျေးရွာ ၉ ရွာလုံးတွင် နေအိမ်များ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ပြီး ကျွဲ၊ နွားများလည်း သေခဲ့ကြောင်း သိရသည်။