သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂဏန်းတောင် (စိုက်ပျိုးရေးခြံ) စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွင် ကလေးများအတွက် ကာကွယ်ဆေးထိုးရန် လိုအပ်နေ

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင် (စိုက်ပျိုးရေးခြံ) စစ်ဘေးရှောင် ဒုက္ခသည်စခန်းရှိ လသားအရွယ်မှ ၁၀ နှစ်သားအရွယ်ထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး မရဘဲရှိနေကြောင်း သိရသည်။

၎င်းစခန်းတွင် အိမ်ထောင်စု ၁၇၈ စု ရှိပြီး လူဦးရေ ၇၇၈ ဦးရှိပြီး ၎င်းအထဲမှ ကာကွယ်ဆေးထိုးရန်လိုအပ်နေသည့် ကလေးငယ်ဦးရေ (၁၃၆) ယောက်ရှိနေကြောင်း စခန်းတာဝန်ခံ ကိုနိုင်နိုင်က ABNကို ပြောသည်။

“ကျွန်တော်တို့ ကလေးငယ်တွေ ကာကွယ်ဆေးမထိုးရသေးဘူးဖြစ်နေပါတယ်၊ သူနာပြု ဆရာမတွေလည်း မရောက်ပါဘူး၊ ကာကွယ်

ဆေးထိုးပေးဖို့ ဘယ်သူ့ကို ဆက်သွယ်ရ မှာလဲ မသိဘူး” ဟု ဆိုသည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် ကာကွယ်ဆေးထိုးရန် ၆ လအောက်ကလေးငယ် ကျား၊ မ ၇ ဦး၊ ၆ လမှ ၃ နှစ်ကလေးငယ် ကျား၊ မ ၄၁ ဦး၊ ၄ နှစ်မှ ၇ နှစ် ကျား၊ မ ကလေးငယ် ၆၉ ဦး၊ ၈ နှစ်မှ ၁၀ နှစ်အရွယ်ကလေးငယ် ၁၉ ဦးတို့မှာ ပုံမှန်ကာကွယ်ဆေးမထိုးရပဲရှိနေသည်ဟု သိရသည်။

စခန်းတည်ဆောက်ခဲ့သည်မှာ ၄ လကျော်ကြာမြင့်နေပြီဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ပြီးဆေးထိုးပေးခြင်း၊ အသိပညာပေးခြင်းများ မရှိကြောင်းနှင့် ကာကွယ်ဆေးထိုးပေးရန်လိုအပ်သည့်အရွယ်ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးစေချင်ကြောင်း ၎င်းမှ ဆက်၍ ပြောသည်။

“ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးစေချင်ပါတယ်၊ ဘယ်သူက ဆေးထိုးပေးမှာလဲလို့ မသိရပါဘူး၊ ဖြစ်နိုင်ရင် အားလုံးကို ဆေး ထိုးပေးစေချင်ပါတယ်၊ ဆေးထိုးပေးထားနိုင်ရင်တော့ ကာကွယ်နိုင်တာပေါ့” ဟု ဆိုသည်။

နွေရာသီ၏ အပူချိန်များလာမှုကြောင့် ဖျားနာဦးရေ ပိုများလာ၍ အများစုဖြစ်ပွားနေတဲ့ရောဂါမှာ နှာစေး ၊ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပြီးဆေးကုသမှုလိုအပ် နေသည်ဟု စစ်ဘေးရှောင်အမျိုးသမီး ဒေါ် သန်းနု မှ ပြောသည်။

“ကျွန်မတို့စခန်းမှာ နွေဦးရဲ့အပူချိန်ကြောင့် အများစုမှာ နှာ​စေး ၊ ချောင်းဆိုးတာတွေ အမြဲလိုလိုဖြစ်တယ်၊ ကာကွယ်ဆေးလည်းမထိုးရသေးဘူးဆိုတော့ အရမ်းစိုးရိမ်မိပါတယ်၊ ပြီးတော့ ဝမ်းပျက် ဝမ်းလျှောတာတွေ ဖြစ်နေသည့်အတွက် ဆေးကုသခွင့် လိုအပ်နေတယ်” ဟု ဆိုသည်။

အဆိုပါစခန်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ပုံမှန်ကာကွယ်ဆေးမထိုးရသည့်အပြင် Covid ကာကွယ်ဆေးလည်း မထိုးရသေးကြောင်းသိရသည်။

ဓာတ်ပုံ-ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှ မူလတန်းအရွယ်ကျောင်းသားများ/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ