သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် အာဏာသိမ်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ဖွင့်လှစ်စ စာသင်ကျောင်းအများအပြား ပိတ်ထားရ

AB News – အောက်တိုဘာ ၁၃၊ ၂၀၂၆

ရက္ခိုင်တွင် အာဏာသိမ်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြောင့် ဖွင့်လှစ်စ စာသင်ကျောင်းအများအပြား ပြန်လည် ပိတ်ထားရကြောင်း သိရသည်။

လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေချိန်တွင် အာဏာသိမ်း စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာနေခြင်းကြောင့် ဒေသခံပြည်သူများမှာ လေကြောင်းအန္တရာယ်ကို အထူးစိုးရိမ်နေကြရသည်။

ယခုကဲ့သို့ စစ်ကော်မရှင်တပ်၏ လေကြောင်း၊ရေကြောင်းနှင့် လက်နက်ကြီး အန္တာရာယ်များအချိန်မရွေးကျရောက်နိုင်သောကြောင့် လက်နက်ကြီးအန္တရာယ်များအထူး သတိထားကြရန်၊ လေကြောင်းအချက်ပြမှုများကို သတိထားစောင့်ကြည့်ပြီး နိုးနိုးကြားကြားနေထိုင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ သတိပေး ထုတ်ပြန်ထားသည်။

ထို့ပြင် ရက္ခိုင်တွင် ထိုးစစ်များ ဆက်လက်လုပ်ဆောင်ရန် ကြိုးစားနေသော စစ်ကော်မရှင်တပ်သည် စစ်ရေးပစ်မှတ်များသာမက အများပြည်သူများနေထိုင်ရာ ရပ်ရွာများ၊ ဘာသာရေးအဆောက်အအုံများ၊ စျေးများ၊ ဆေးရုံ/ဆေးခန်းများနှင့် စာသင်ကျောင်းများ ကိုပါ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများကို နေစဥ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။

ထိုသို့ အရပ်သားပြည်သူများ နေစဥ်သွားလာလှုပ်ရှားနေရသောနေရာများတွင် လေယာဥ်သံကြားရသည်နှင့်တစ်ပြိုင်နက် ဒေသခံပြည်သူများမှာ ဘေးကင်းရာသို့ ရှောင်တိမ်းနေကြရသည့် စိတ်လုံခြုံမှုကင်းမဲ့နေသော အခြေအနေဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

အထူးသဖြင့် လူစည်ကားရာ ကျေးရွာများ၊ စျေးများ၊ စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများနှင့် ဘာသာရေးအဆောက်အအုံများသည် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို မကြာခဏ ခံစားနေကြရပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုအရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိသည်။

ယင်းသို့ လေကြောင်းအန္တရာယ်မြင့်တက်လာမှုကြောင့် ကျောင်းသား/ ကျောင်းသူများ၏ အသက်အန္တရာယ်လုံခြုံရေးကို ရှေးရှုကာ လက်ရှိတွင် ဖွင့်လှစ်သင်ကြားနေသော စာသင်ကျောင်းအများအပြားကို မလွှဲမရှောင်သာ ပြန်လည်ပိတ်ထားလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စာသင်ကျောင်းအများစု ပြန် လည်ပိတ်ထားလိုက်ရခြင်းကြောင်း ကလေးသူငယ်များ၏ ပညာရေးမှာ များစွာ ထိခိုက်နစ်နာလျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်တွင် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူ ၅၀ ဦး သေဆုံးပြီး ၅၈ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီကျော်တွင် စစ်ကော်မရှင်တပ်က မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၃၃ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ရက္ခိုင်ပြည်အတွင်း အရပ်သား ၉၇၀ ဦး သေဆုံးပြီး ၂,၀၅၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law – IHL) အရ အထူးကာကွယ်မှုရရှိရမည့် နေရာများဖြစ်သည်။

ထို့ကြောင့် မြောက်ဦးပြည်သူ့ဆေးရုံနှင့် ကျောက်တော်မြို့ အိန္ဒိယဈေးတို့အပေါ် တိုက်ခိုက်မှုများသည် အရပ်သားများ၏ အသက်ရှင်သန်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်နှင့် လုံခြုံစွာ နေထိုင်ခွင့်တို့ကို ပြင်းထန်စွာ ထိခိုက်စေသည့် ဖြစ်စဉ်များဖြစ်သည်။

အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိစေသည့် ဖြစ်စဉ်များနှင့် ဆေးရုံ၊ ဈေးကဲ့သို့ အရပ်သားများအတွက် အရေးပါသည့် နေရာများအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (IHL)၊ ဂျီနီဗာကွန်ဗင်းရှင်းများ (Geneva Conventions) နှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမှုများဖြစ်သည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ