
AB News – စက်တင်ဘာ ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများအပါအဝင် ပုံမှန်ဝင်ငွေရှိသည့် မိသားစုများပါ နေ့စဉ်စားဝတ်နေရေးအတွက် အသုံးစရိတ်များ လျှော့ချသုံးစွဲနေရကြောင်း ဈေးရောင်းသူများနှင့် ဒေသခံများထံမှ သိရသည်။
မောင်တောမြို့ရှိ အသားငါးနှင့် ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးတွင် ငါးဈေးနှုန်းများလည်း ယခင်ကထက် သိသိသာသာ မြင့်တက်လာကြောင်း ဈေးဝယ်သူများက ပြောသည်။
ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ယခင်က ငါး ၆၀ ဆယ်သား (ဒေသအခေါ် ငါးတစ်သိုက်) ကို ၁၅,၀၀၀ ကျပ်ကျော်ခန့်ဖြင့် ဝယ်ယူနိုင်ခဲ့သော်လည်း လက်ရှိတွင် ၃၀,၀၀၀ မှ ၃၅,၀၀၀ ကျပ်ခန့်အထိ ပေးဝယ်နေရကြောင်း သိရသည်။
” အခုက အားလုံးခက်ခဲတယ်။ အလုပ်အဆင်မပြေတော့ ဟင်းနဲ့စားရတဲ့အခါရှိတယ်၊ ငါးနဲ့စားရတဲ့အခါလည်းရှိတယ်။ မရှိဆင်းရဲသားတွေတော့ ပိုဆိုးတယ်။ ငတ်တဲ့အခါလည်းရှိတယ်” ဟု ဒေသခံအမျိုးသမီး ယီယီက ပြောသည်။
ထို့အပြင် တစ်ရက်တာလုပ်အားခနှင့် ဈေးဝယ်စားသုံးရသည့် ကုန်ကျစရိတ်မှာ မမျှတတော့သဖြင့် အစားအသောက်ကို လျှော့ချစားသုံးနေရကြောင်း ၎င်းက ဆိုသည်။
ငါးရောင်းသူ ဆူပါတစ်ဦးကလည်း ငါးဝယ်ယူရသည့် ဈေးနှုန်းမြင့်တက်လာသော်လည်း ဝယ်ယူစားသုံးသူများ၏ ဝယ်အားကျဆင်းနေသဖြင့် ရောင်းချရာတွင် အခက်အခဲရှိကြောင်း ပြောသည်။
” အလုပ်အကိုင်အဆင်မပြေတဲ့အတွက် စားဝတ်နေရေးကျပ်တည်းတယ်။ နေ့တိုင်းလိုလို ရှုံးတယ်။ ဆယ်ခါရောင်းရင် တစ်ခါလောက်ပဲ မြတ်တယ်။ ငါးရောင်းတဲ့သူတွေအကုန်လုံး ရှုံးကြတယ် “ဟု ဆူပါက ပြောသည်။
ငါးဈေးနှုန်းမြင့်တက်ရခြင်းမှာ ငါးဖမ်းသမားများ ပင်လယ်ပြင်သို့ ပုံမှန်ထွက်ခွာ၍ ငါးဖမ်းနိုင်ခြင်းမရှိသည့် အခြေအနေများကြောင့် ငါးရရှိမှုနည်းပါးလာခြင်းနှင့် ဆက်စပ်နေကြောင်း ငါးရောင်းသူများက ပြောသည်။
လက်ရှိရောင်းချနေသည့် ငါးများကို ဘူးသီးတောင်မြို့ဘက်မှ ဝယ်ယူရကြောင်းလည်း သိရသည်။
အလားတူ ဟင်းရောင်းသူ နီနီကလည်း ယခင်က တစ်ရက်လျှင် ၁ သိန်းမှ ၂ သိန်းကျပ်ဖိုးခန့် ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိတွင် ရောင်းအားကျဆင်းလာကြောင်း ပြောသည်။
” ကျမမှာ ကလေး ၅ ယောက်ရှိတယ်။ ဈေးရောင်းလို့မကောင်းရင် ဘယ်လိုလုပ်ပြီး ကျွေးနိုင်လဲ။ မနက်ကတည်းက ထိုင်ရောင်းနေတာ။ ပစ္စည်းရှိရင်တော့ ရောင်းရတယ်၊ မရှိရင်တော့ မရောင်းရဘူး” ဟု နီနီက ပြောသည်။
ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေခြင်းကြောင့် ဝင်ငွေနည်းပါးသည့် မိသားစုများသာမက ပုံမှန်ဝင်ငွေရှိသည့် မိသားစုများပါ အစားအသောက်နှင့် နေ့စဉ်အသုံးစရိတ်များကို လျှော့ချသုံးစွဲနေရပြီး ကုန်ဈေးနှုန်းများ ကျဆင်းစေလိုကြောင်း ဒေသခံများက ပြောသည်။