AB News – စက်တင်ဘာ ၂၊ ၂၀၂၆
နီပေါ-တိဗက် နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် နီပေါနိုင်ငံတွင် သေဆုံးသူ ၉၃၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နီပေါနိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
မိုးလေဝသနှင့် ဘေးအန္တရာယ်ဆိုင်ရာ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူ စုစုပေါင်း ၃,၉၂၅ ဦးခန့် ရှိနေပြီး ယင်းတို့အနက် ရေအားလျှပ်စစ် စီမံကိန်းများမှ အလုပ်သမား ၆၃၉ ဦးနှင့် အဆက်အသွယ် ပြတ်တောက်နေသည့် နိုင်ငံခြားသား ၅၉၂ ဦး ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ဒဏ်ရာရရှိသူ ၂၇၉ ဦးရှိပြီး ၁၁,၃၇၉ ဦးကို ဘေးလွတ်ရာသို့ ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို ရာဆူဝါ (Rasuwa)၊ နူဝါကော့တ် (Nuwakot)၊ ဒါဒင်း (Dhading)၊ ဂေါရခါ (Gorkha)၊ နဝါပါရာစီ အရှေ့၊ နဝါပါရာစီ အနောက်၊ တနဟူး (Tanahu) နှင့် ချစ်တဝန် (Chitwan) အစရှိသည့် ဒေသများတွင် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်သေးသည့် ရုပ်အလောင်းများကို သက်ဆိုင်ရာ ခရိုင်အသီးသီးရှိ ဆေးရုံ ၂၁ ခုတွင် ထိန်းသိမ်းထားရှိပြီး နီပေါ အာဏာပိုင်အဖွဲ့အစည်းများက ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
အလားတူ တရုတ်နိုင်ငံဘက်ခြမ်း တိဗက်ဒေသတွင်လည်း သေဆုံးသူ ၁၆ ဦးထိရှိခဲ့ကြောင်း အတည်ပြုပြောဆိုထားပြီး နယ်စပ်နှစ်ဖက်ဒေသရှိ ပျောက်ဆုံးနေသူအများစုမှာ ရေအားလျှပ်စစ်စီမံကိန်းမှ အလုပ်သမားများ ဖြစ်သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်မှာ ဩဂုတ် ၂၆ ရက်က ဘိုတီကိုရှီမြစ် (Bhotekoshi River) အတွင်းသို့ ရေခဲထုများနှင့် ကျောက်တုံးကြီးများ ရုတ်တရက် ပြိုကျရာမှ မြေဆီလွှာများနှင့် ရောနှောကာ အလွန်ပြင်းထန်သည့် အရှိန်ဖြင့် ရေဆင်းစီးဆင်းလာခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။
Ref; NDRRMA
Photo – X (လူမှုကွန်ယက်)
