AB News – ဩဂုတ် ၂၆၊ ၂၀၂၆
၂၀၁၇ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ရက္ခိုင်ပြည်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း အသက်ဆုံးရှုံးခဲ့ရသော မူလင်ပြည်သူများကို အောက်မေ့သတိရကာ ဖြစ်စဉ်များအပေါ် ပြစ်တင်ရှုတ်ချသည့် အခမ်းအနားတစ်ရပ်ကို ယနေ့ ဩဂုတ်လ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မူဆလင်ရေးရာကောင်စီက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ULA/AA ဘက်မှ ပံ့ပိုးကူညီမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အခမ်းအနားကျင်းပသူများထံမှ သိရသည်။
အခမ်းအနားသို့ ဒေသခံမူဆလင်ပြည်သူများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် လူမှုအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ၂၀၁၇ ခုနှစ် ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့သူများကို အောက်မေ့သတိရခြင်း၊ အသက်ရှင်ကျန်ရစ်သူများ၏ နာကျင်မှုများကို မမေ့လျော့စေရေးနှင့် အလားတူ အကြမ်းဖက်မှုများ နောင်တွင် ထပ်မံမဖြစ်ပွားစေရေးတို့ကို အဓိကထား ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကျင်းပရာနေရာတွင် ၂၀၁၇ ခုနှစ်ဖြစ်စဉ်နှင့် ပတ်သက်၍ အခမ်းအနားတက်ရောက်သူများ၏ သဘောထားများကို ထုတ်ဖော်ထားသည့် စာတန်းများကိုလည်း တွေ့မြင်ရသည်။
ယင်းစာတန်းများတွင် ” အစွန်းရောက်အကြမ်းဖက် ARSA အလိုမရှိ။ We reject ARSA extremist terrorists! “ဟူသည့် စာသားနှင့် ” လူသတ်အကြမ်းဖက် မြန်မာစစ်တပ် ကျရှုံးရမည်။ Murderous, terrorist Myanmar military must fall!” ဟူသည့် စာသားများကို ပြသထားသည်ကို AB Newsက ကွင်းဆင်း တွေ့ရှိရသည်။
ယင်းစာတန်းများသည် အခမ်းအနားကျင်းပသူများနှင့် တက်ရောက်လာသူအချို့၏ သဘောထားနှင့် တောင်းဆိုချက်များကို ဖော်ပြထားခြင်းဖြစ်ပြီး AB News က အခမ်းအနားအတွင်း ထွက်ပေါ်လာသည့် အသံများအဖြစ် မှတ်တမ်းတင် ဖော်ပြခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် ARSA က ရက္ခိုင်ပြည်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ လုံခြုံရေးစခန်း ၂၈ ခုထက်မနည်း တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက ဒေသအတွင်း စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။
နောက်ပိုင်း ရက်သတ္တပတ်များနှင့် လများအတွင်း ရက္ခိုင်ပြည်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် အခြားမြို့နယ်များတွင် ပြင်းထန်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး မူဆလင်ပြည်သူ အများအပြား အသက်ဆုံးရှုံးခြင်းနှင့် နေရပ်စွန့်ခွာထွက်ပြေးရခြင်းတို့ ဖြစ်ပွားခဲ့သည်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဆိုင်ရာ စုံစမ်းစစ်ဆေးမှုများက မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများအတွင်း အရပ်သားများကို သတ်ဖြတ်မှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အခြားပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့သော မူဆလင်ဒုက္ခသည်များအကြား ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၂၄ ရက်အထိ တစ်လတာကာလအတွင်း ရက္ခိုင်ပြည်၌ မူဆလင် အနည်းဆုံး ၉,၀၀၀ ခန့် သေဆုံးခဲ့နိုင်သည် ဟု ခန့်မှန်းထားသည်။
ယင်းသေဆုံးမှုများအနက် အနည်းဆုံး ၆,၇၀၀ ခန့်မှာ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့နိုင်သည် ဟု MSF က ထုတ်ပြန်ခဲ့ပြီး အသက်ငါးနှစ်အောက် ကလေးငယ် အနည်းဆုံး ၇၃၀ ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။
MSF ၏ ပိုမိုကျယ်ပြန့်သော စာရင်းကောက်ယူမှုအရ စစ်တမ်းရလဒ်များကို သက်ဆိုင်ရာ လူဦးရေအပေါ် ခန့်မှန်းတွက်ချက်လျှင် ပထမ ၃၁ ရက်အတွင်း သေဆုံးသူ ၉,၄၂၅ မှ ၁၃,၇၅၉ ကြား ရှိနိုင်ပြီး၊ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၆,၇၅၉ မှ ၉,၈၆၇ ကြား ရှိနိုင်ကြောင်းလည်း ဖော်ပြထားသည်။
သို့သော် ယင်းကိန်းဂဏန်းများသည် တစ်ဦးချင်း အတည်ပြုထားသော သေဆုံးစာရင်းမဟုတ်ဘဲ ဒုက္ခသည်များအကြား ကောက်ယူခဲ့သည့် စစ်တမ်းကို အခြေခံသော ခန့်မှန်းချက်များ ဖြစ်ကြောင်း MSF က ရှင်းလင်းထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ အချက်အလက်များအရ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရက္ခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် စစ်ရေးအရေးယူမှုများနောက်ပိုင်း မူဆလင် ၇၅၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည် ဟု ဖော်ပြထားသည်။
အခမ်းအနားသို့ တက်ရောက်လာသူများက ကိုးနှစ်ကြာမြင့်လာခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်ဆိုးများကို မမေ့နိုင်သေးကြောင်းနှင့် အသက်ဆုံးရှုံးခဲ့သူများအတွက် အောက်မေ့သတိရရန် ယခုကဲ့သို့ စုဝေးခဲ့ကြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
” နှစ်တွေကြာသွားပေမယ့် ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ အဖြစ်အပျက်တွေကို မမေ့နိုင်သေးပါဘူး။ ဒီနေ့ စုဝေးတာဟာ အသက်ဆုံးရှုံးခဲ့သူတွေကို အောက်မေ့ဖို့နဲ့ နောင်လာမယ့် မျိုးဆက်တွေ ဒီလိုအဖြစ်ဆိုးမျိုး ထပ်မကြုံရအောင် သတိပေးဖို့ ဖြစ်ပါတယ် “ဟု တက်ရောက်လာသည့် မူဆလင် အမျိုးသား တစ်ဦးက ဆိုသည်။
အခြားတက်ရောက်သူများကလည်း အရပ်သားပြည်သူများ၏ အသက်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်သည့် အနာဂတ်တစ်ခု တည်ဆောက်နိုင်ရေးနှင့် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွက် အမှန်တရားနှင့် တရားမျှတမှုရရှိရေးသည် အရေးကြီးကြောင်း ပြောဆိုခဲ့ကြသည်။
အခမ်းအနားတွင် ပါဝင်တက်ရောက်ခဲ့သည့် မူဆလင်အသိုက်အဝန်းမှ ခေါင်းဆောင်တစ်ဦးက ယနေ့အခမ်းအနားသည် အတိတ်က နာကျင်မှုများကို ပြန်လည်သတိရရုံသာမက အနာဂတ်အတွက် သင်ခန်းစာယူရန်လည်း ရည်ရွယ်ကြောင်း ပြောကြားသည်။
” ဒီနေ့ ကျနော်တို့ စုဝေးတာဟာ မုန်းတီးမှုတွေကို တိုးပွားစေဖို့ မဟုတ်ပါဘူး။ အသက်ဆုံးရှုံးခဲ့သူတွေကို အောက်မေ့သတိရဖို့၊ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်တွေကို မမေ့ဖို့နဲ့ နောင်အနာဂတ်မှာ ဘယ်အသိုက်အဝန်းမှ ဒီလိုနာကျင်မှုမျိုး မကြုံတွေ့ရအောင် ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်နားလည်မှုကို တည်ဆောက်ဖို့ ဖြစ်ပါတယ် “ဟု ၎င်းက ပြောကြားသည်။
၎င်းက ဒေသအတွင်း နေထိုင်ကြသည့် လူမျိုးနှင့် ဘာသာအသိုက်အဝန်းအားလုံးအကြား အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ သည်။
အခမ်းအနားတွင် ULA/AA ဘက်မှ တာဝန်ရှိသူ တစ်ဦးကလည်း အတိတ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် အကြမ်းဖက်မှုများသည် ဒေသခံ အသိုက်အဝန်းအားလုံးအတွက် နာကျင်ဖွယ် သင်ခန်းစာများ ဖြစ်ခဲ့ကြောင်း ပြောကြားသည်။
” အတိတ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေက လူတိုင်းအတွက် နာကျင် စရာ သင်ခန်းစာတွေ ဖြစ်ပါတယ်။ အနာဂတ် မှာ ဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုး၊ ဘာသာ အသိုက်အဝန်းအားလုံး လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ လိုအပ်ပါတယ်။ အကြမ်းဖက်မှုကို ရှောင်ရှားပြီး အပြန်အလှန် နားလည်မှုနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အားလုံး ပူးပေါင်းရမှာဖြစ်ပါတယ် “ဟု ၎င်းက ပြောကြားသည်။
၂ဝ၁၇ ခုနှစ် ဖြစ်စဉ်နောက်ပိုင်း ရက္ခိုင်ပြည်မှ မူဆလင် သိန်းနှင့်ချီ နေရပ်စွန့်ခွာခဲ့ရပြီး အများအပြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခဲ့ကြရသည်။ နှစ်များကြာမြင့်လာသော်လည်း အဆိုပါဖြစ်စဉ်၏ သက်ရောက်မှုများကို အသက် ရှင်ကျန်ရစ်သူများနှင့် မိသားစုများက ယနေ့အထိခံစားနေကြရဆဲဖြစ်သည်။
ဘူးသီးတောင်တွင် ယနေ့ပြုလုပ်ခဲ့သည့် အခမ်းအနားသည် အသက်ဆုံးရှုံးခဲ့သူများကို အောက်မေ့သတိရခြင်းနှင့်အတူ ၂၀၁၇ ခုနှစ် ဖြစ်စဉ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ကို ပြစ်တင်ရှုတ်ချခြင်း၊ အလားတူဖြစ်ရပ်များ နောင်တွင် ထပ်မံမဖြစ်ပွားစေရေးနှင့် ဒေသတွင်း လူမျိုး၊ ဘာသာမရွေး လုံခြုံစိတ်ချစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရေးကို တောင်းဆိုခြင်း ဖြစ်ကြောင်း မူဆလင်အသိုင်းအဝန်းက ပြောဆိုခဲ့ကြသည်။
Photo – Hein Tun /AB News
