AB News – ဩဂုတ် ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အဥ္ဇနပူရမြို့နယ်တွင် အရက်သေစာသောက်စားမူးယစ်ပြီး ဆဲဆိုရန်ပြုသည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူက မခံမရပ်နိုင်ဖြစ်ကာ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ရာမှ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၄ )ရက်နေ့၊ မွန်းလွဲ (၃) နာရီခွဲခန့်က အဥ္ဇနပူရမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၆) နှစ်အရွယ် ဒေါ်စိန်သန်းသည် ၎င်း၏ နေအိမ်သို့ပြန်လာစဥ် ခင်ပွန်းဖြစ်သူ အသက် ( ၅၇) နှစ်အရွယ် ဦးအောင်ရွှေသိန်းမှ အရက်သေစာသောက်စားမူးယစ်ပြီး ဆဲဆိုရန်ရှာခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆဲဆို ရန်ရှာမှုများကို မခံမရပ်နိုင်ဖြစ်ကာ ဒေါ်စိန်သန်းသည် အနီးအနားတွင်ရှိသော အရှည် (၂) တောင်ကျော်ခန့်ရှိ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးအောင်ရွှေသိန်းတွင် ဦးခေါင်းနှင့် နားထင်တို့တွင် ပြင်းထန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သတ်ပြီး ညီမဖြစ်သူမှာ ကာလကြာရှည်စွာ အိမ်တွင်းအကြမ်းဖက်မှုကိုခံခဲ့ရသူ ဖြစ်ကြောင်း ဒေါ်စိန်သန်း၏ အစ်မဖြစ်သူက ” ကျူးလွန်တဲ့နေ့ကလည်း မိုးလင်းကတည်းကနေ အရက်မူးပြီးဆဲဆိုနေခဲ့တာပါ။ တစ်ချိန်လုံးပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း သူ့ယောင်္ကျားက အိမ်ပေါ်က နှင်ချလိုက်လို့ အဒေါ်တို့နဲ့ တစ်နှစ်လောက်အတူတူနေလာပါတယ်။ ဟိုအရင်တုန်းကလည်း ဒီလိုပါပဲ၊ အရက်မူးပြီးဆဲဆိုရိုက်နှက်တာတွေကြောင့် မျက်နှာတွေဖူးရောင်တဲ့အထိ ဒဏ်ရာရဖူးတာတွေလည်းရှိပါတယ်။ အုပ်ချုပ်ရေးမှုတွေဆီသွားတိုင်တဲ့ အခါလည်းရှိပါတယ်။ နောက်ဆုံးသားသမီးတွေရဲ့မျက်နှာတွေကို ငှဲ့ပြီး ပြန်ပေါင်းနေကြတာပါ။ ခုလည်း တစ်အိမ်တည်းမှာ တူတူနေကြတယ်ဆိုတာပါပဲ။ စကားလည်းမပြော၊ ထမင်းလည်း အိုးခွဲစားကြတာပါ ” ဟု AB News သို့ ပြောသည်။
ထို့ပြင် ဦးအောင်ရွှေသိန်းမှာ နေတိုင်း အရက်သေစာသောက်စားမူးယစ်ပြီး ဆဲဆိုရိုက်နှက်မှုများရှိခဲ့သဖြင့် ဇနီးဖြစ်သူဒေါ်စိန်သန်းမှာ ပြီးခဲ့သည့် ဩဂုတ်လ (၁၂) ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှုထံတွင် ကွာရှင်းပေးရန် လာရောက်တိုင်ကြားမှုရှိခဲ့ကြောင်း ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှုက ပြောသည်။
” ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့က ကျနော်ဆီ ဒေါ်စိန်သန်း လာတိုင်ထားပါတယ်။ ကွာရှင်းပေးဖို့ လျှောက်လွှာလည်းတင်ထားပါတယ်။ ကျနော်က ဒီအပတ်အတောအတွင်း ခေါ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ပြောထားတာပါ။ ရန်ဖြစ်တာက အမြဲတမ်းလည်း ဖြစ်နေကျဆိုတော့လေ ” ဟု ၎င်းမှ ဆက်လက် ပြောဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူ ဦးအောင်ရွှေသိန်း၏ ရုပ်အလောင်းအား နီးစပ်ရာကျန်းမာရေးဌာနသို့ ပို့ဆောင်ပြီး လိုအပ်သည့်ဆေးစစ်ချက်များကို ရယူထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဇနီးဖြစ်သူ ဒေါ်စိန်သန်းအား သက်ဆိုင်ရာ DLEPS ဌာနက ထိန်းသိမ်းထားရှိပြီး ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန် အမှုဖွင့်လှစ်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
