သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်​တောခရိုင်တွင် လူမျိုးဘာသာမခွဲခြားဘဲ လူမှုသဟဇာတမြှင့်တင်ရန် ဘာသာရေးအဆောက်အအုံများ ပူးပေါင်းသန့်ရှင်းရေးလုပ်ဆောင်

AB News – ဩဂုတ် ၁၄၊ ၂၀၂၆

အာရက္ခပြည်၊ မောင်တောခရိုင်တွင် ရက္ခိုင်၊ မူဆလင်နှင့် ဟိန္ဒူလူမျိုးများအပါအဝင် လူမျိုးဘာသာမတူညီသူများ ပူးပေါင်းကာ ဘာသာရေးအဆောက်အအုံများကို သန့်ရှင်းရေးပြုလုပ်ပြီး လူမှုသဟဇာတမြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေကြသည်။

မောင်တောမြို့တွင် ဩဂုတ် ၁၁ ရက်က ပြုလုပ်သည့် အဆိုပါ လှုပ်ရှားမှုအတွင်း ရွှေစည်းခုံစေတီ၊ ဂျာမေဗလီနှင့် ဟိန္ဒူဘုရားကျောင်းတို့တွင် ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပါဝင်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများ၊ ULA/AA တပ်ဖွဲ့ဝင်များ၊ မူဆလင်အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအင်အားစုများ၊ ပါတီလူငယ်အင်အားစုများ၊ ဟိန္ဒူလူငယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူမှုအဖွဲ့အစည်းများမှ ပြည်သူများ ပါဝင်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုသည် ဘာသာရေးအဆောက်အအုံများ သန့်ရှင်းသပ်ရပ်ရေးအတွက်သာမက လူမျိုး၊ ဘာသာနှင့် နောက်ခံကွဲပြားသူများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

မူဆလင်အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးက လူမျိုးနှင့် ဘာသာမတူညီသော်လည်း အချင်းချင်းလေးစားနားလည်ပေးနိုင်ပါက အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်ဖြစ်ပြီး လူမှုသဟဇာတသည် တစ်ဖက်တည်းက တည်ဆောက်၍မရဘဲ အားလုံးပူးပေါင်းမှသာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း Arakan Bay News သို့ ပြောသည်။

” မတူညီတဲ့ လူမျိုး၊ ဘာသာနဲ့ နောက်ခံတွေရှိပေမယ့် အချင်းချင်း လေးစားပြီး နားလည်ပေးနိုင်မယ်ဆိုရင် ကျမတို့ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါတယ်။ လူမှုသဟဇာတဆိုတာ တစ်ဖက်တည်းက တည်ဆောက်လို့မရပဲ အားလုံးပူးပေါင်းပြီး တည်ဆောက်ရတာပါ” ဟု ၎င်းက ပြောသည်။

ဒေသခံတစ်ဦးကလည်း လူမျိုးဘာသာမတူသူများ အတူတကွ သန့်ရှင်းရေးလုပ်ဆောင်နေကြခြင်းအပေါ် ဝမ်းမြောက်မိကြောင်းနှင့် ကိုယ့်ဘာသာရေးနေရာများကိုသာမက အခြားဘာသာဝင်များ၏ ဘာသာရေးအဆောက်အအုံများကိုပါ အတူတကွ ထိန်းသိမ်းပေးခြင်းသည် အချင်းချင်းပိုမိုနားလည်လာစေရန် အရေးကြီးကြောင်း ပြောသည်။

” အခုလို လူမျိုးမတူ၊ ဘာသာမတူသူတွေ အတူတူလုပ်ကြတာကို မြင်ရတာ ဝမ်းသာပါတယ်။ ကိုယ့်ဘာသာရေးနေရာကိုပဲ ကိုယ်ထိန်းသိမ်းတာမဟုတ်ဘဲ တခြားဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ အတူတူသန့်ရှင်းပေးကြတာက အချင်းချင်း ပိုပြီးနားလည်လာဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။

အလားတူ ဘူးသီးတောင်မြို့တွင်လည်း ဩဂုတ် ၉ ရက်က ရက္ခိုင်၊ မူဆလင်နှင့် ဟိန္ဒူလူမျိုးများအပါအဝင် ဒေသခံများ ပူးပေါင်းကာ ဘာသာရေးအဆောက်အအုံများနှင့် ရပ်ရွာပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ဆောင်ခဲ့ကြသည်။

မောင်တောနှင့် ဘူးသီးတောင်ကဲ့သို့ လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှုနောက်ခံ မတူညီသူများ အတူတကွနေထိုင်သည့် ဒေသများတွင် ယခုကဲ့သို့ လူထုကိုယ်တိုင် ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန်ယုံကြည်မှုနှင့် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်သည်။

လူမှုသဟဇာတဖြစ်ရေးသည် ဘာသာရေးအဆောက်အအုံများ သန့်ရှင်းရေးလုပ်ဆောင်ခြင်းတစ်ခုတည်းသာမက လူမျိုးနှင့် ဘာသာမတူသူများကို အပြန်အလှန်လေးစားခြင်း၊ နားလည်ပေးခြင်း၊ ခွဲခြားဆက်ဆံမှုများ လျော့ချခြင်းနှင့် ရပ်ရွာအကျိုးအတွက် အတူတကွ တာဝန်ယူဆောင်ရွက်ခြင်းတို့ဖြင့် ဆက်လက်တည်ဆောက်ရမည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။

မောင်တောနှင့် ဘူးသီးတောင်တွင် လူမျိုးဘာသာပေါင်းစုံ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ရှိလာပါက မတူကွဲပြားသူများအကြား ယုံကြည်မှုနှင့် နားလည်မှုများ ပိုမိုခိုင်မာလာပြီး လူမှုသဟဇာတဖြစ်ရေးအတွက် အခြေခံကောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း မူဆလင် အသိုင်းအဝိုင်းက ဆိုသည်။

Photo – ဟိန်းထွန်း ( AB News )

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ