သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဘင်္ဂလား​ဒေ့ရှ် အခြေစိုက် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားမှုကြောင့် အာရက္ခအစိုးရ ညမထွက်ရအမိန့် ထုတ်

AB News – ဩဂုတ် ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည် မြောက်ပိုင်း မောင်တောခရိုင်အတွင်း ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားစေရန် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အကြမ်းဖက် RSO၊ ARSA နှင့် ARA အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားနေ​သောကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ မောင်တောခရိုင် အုပ်ချုပ်ရေးဌာနက ဩဂုတ်လ ၉ ရက်တွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ညမထွက်ရအမိန့်သည် ဩဂုတ်လ ၉ ရက်မှစတင်၍ အကျုံးဝင်မည်ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအဖြစ် သတ်မှတ်ထားသည်။

အမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်း ထပ်မံထုတ်ပြန်သည့်အချိန်အထိ ဆက်လက်အကျုံးဝင်မည်ဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။

အဆိုပါ အကြမ်းဖက် အဖွဲ့များသည် တစ်ဖက်နိုင်ငံကို အခြေပြု၍ အာရက္ခဒေသအတွင်း ဝင်ရောက်ကာ ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လုယက်ခြင်းနှင့် ချောင်းမြောင်း တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု အမိန့်စာတွင် ဖော်ပြထားသည်။

ထိုသို့ လှုပ်ရှားမှုများကြောင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် အဆိုပါအမိန့်ကို တိတိကျကျ လိုက်နာကြရန်နှင့် အမိန့်ဖောက်ဖျက်သူများကို သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဆိုသည်။

မဖြစ်မနေ သွားလာရန် လိုအပ်သည့် အရေးပေါ်ကိစ္စများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများထံ ကြိုတင်အကြောင်းကြား၍ ခွင့်ပြုချက်ရယူပြီး သွားလာကြရန်လည်း သတိပေးထားသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ