သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝီရဌာနီမြို့နယ်တွင် ကျောင်းသူအား ဆရာက မုဒိမ်းကျင့်ခဲ့သည်ဆိုသော သတင်းမှာ သတင်းမှားသာဖြစ်

AB News – ဇူလိုင် ၃၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်၊ မီးကျောင်းတက်ကျေးရွာတွင် အသက် ၁၀ နှစ်အရွယ် ကျောင်းသူတစ်ဦးအား စာသင်ပေးနေသည့် ဆရာဖြစ်သူက မုဒိမ်းကျင့်ခဲ့သည်ဆိုကာ လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေသည့် သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း အဆိုပါကျေးရွာတွင် နေထိုင်သည့် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းသတင်းနှင့်ပတ်သက်၍ AB News က မီးကျောင်းတက်ကျေးရွာတွင် နေထိုင်သူ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ လူမှုကွန်ရက်များတွင် ဖော်ပြနေသည့် အဆိုပါဖြစ်စဉ်မှာ မှန်ကန်မှုမရှိကြောင်း အတည်ပြု ပြောသည်။

” ဒီသတင်းက လုံးဝအမှားပါ ။ ကျနော်တို့ရွာမှာ ရေးသားဖော်ပြထားသလို ဖြစ်စဉ်မျိုး မဖြစ်ပွားခဲ့ပါဘူး။ ဒီလိုအတည်မပြုရသေးတဲ့ သတင်းတွေ ပျံ့နှံ့တာက ဒေသခံတွေအတွက် ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်” ဟု ဒေသခံက AB News သို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က မီးကျောင်းတက်ကျေးရွာ၌ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို DLEPS က ဖမ်းဆီးထားသည်ဟု ဒေသတွင်း သတင်းမီဒီယာအချို့တွင် ရေးသားဖော်ပြနေကြသော်လည်း ယင်းဖော်ပြချက်များမှာ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထပ်မံစိစစ်ကြည့်ရာတွင်လည်း ဖြစ်စဉ်အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုနိုင်သည့် ခိုင်လုံသော အထောက်အထားများ မတွေ့ရှိရဘဲ အတည်ပြုချက်မရှိသည့် သတင်းအချက်အလက်များကို အခြေခံ၍ ရေးသားထားခြင်းသာ ဖြစ်သည်ကို တွေ့ရသည်။

ယခုကဲ့သို့ မဟုတ်မမှန် သတင်းမှားများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေခြင်းကြောင့် ဒေသခံများ၏ ဂုဏ်သိက္ခာနှင့် လူမှုအသိုင်းအဝိုင်းအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ ရှိနေကြသည်။

ထို့ကြောင့် သတင်းအချက်အလက်များကို မမျှဝေမီ သေချာစွာ စစ်ဆေးပြီးမှသာ တာဝန်ယူမှုရှိစွာ လက်ခံမျှဝေကြရန်လည်း ဒေသခံများက တောင်းဆိုထားကြသည်။

ထို့အပြင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းများကို မစိစစ်ဘဲ ထပ်ဆင့်မျှဝေခြင်းများ မပြုလုပ်မီ သတင်းရင်းမြစ်၏ ယုံကြည်စိတ်ချရမှုနှင့် အချက်အလက်များ ခိုင်လုံမှု ရှိ/မရှိကို သေချာစွာ စိစစ်အတည်ပြုရန် လိုအပ်ကြောင်း သတင်းမီဒီယာလေ့လာသူများကလည်း အကြံပြုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ