AB News – ဇူလိုင် ၂၉၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များအား အခမဲ့ သွားနှင့်ခံတွင်းစစ်ဆေးကုသမှုအစီအစဉ်တစ်ရပ်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မကြာသေးမီရက်ပိုင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို ရက္ခိုင်ပြည်အတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ပြီး သွားနှင့်ခံတွင်းဆရာဝန်များက ဦးဆောင်၍ စစ်ဘေးရှောင်များအပါအဝင် သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များအား အခမဲ့ စစ်ဆေးကုသပေးခဲ့ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစီအစဉ်အတွင်း လူနာစုစုပေါင်း ၁၂၀ ဦးကို ကျန်းမာရေး စစ်ဆေးကုသမှုပေးခဲ့ပြီး ယင်းတို့အနက် လူနာ ၈၅ ဦးအား သွားနုတ်ခြင်းနှင့် သွားဖာကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သွားနှင့် ခံတွင်းဆရာဝန်များသည် စစ်ဘေးရှောင်ပြည်သူများသာမက ရက္ခိုင်ပြည်အတွင်းရှိ သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များအား အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် သွားနှင့်ခံတွင်းကျန်းမာရေးဝန်ဆောင်မှုများအပြင် မျက်စိခွဲစိတ်ကုသမှု၊ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်များ၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အထွေထွေရောဂါကုသရေးဝန်ဆောင်မှုများကိုလည်း အခမဲ့ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Photo – APM

