သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်ရှိ ကျောက်ခွဲစက်ရုံကို စစ်ကော်မရှင်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

AB News – ဇူလိုင် ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ ကျောက်ခွဲစက်ရုံတစ်ခုကို စစ်ကော်မရှင်လေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဇူလိုင် ၂၇ ရက် ည ၁၀ နာရီ ၃၈ မိနစ်ခန့်တွင် လင်းဘူးတောင်ကျေးရွာအနီးရှိ ကျောက်ခွဲစက်ရုံသို့ စစ်ကော်မရှင်၏ ဂျက်တိုက်လေယာဉ်တစ်စီး ရောက်ရှိလာပြီး ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ည ၁၀ နာရီ ၃၈ မိနစ်လောက်မှာ ဗုံးပေါက်ကွဲသံ ကြားရတယ်။ ကျောက်ခွဲစက်ရုံကို ထိမှန်တယ်လို့ သိရတယ်။ ညဘက်ဖြစ်တဲ့အတွက် လူအများက အစပိုင်းမှာ ဘာဖြစ်တာလဲဆိုတာ မသိလိုက်ကြဘူး” ဟု ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ခွဲစက်ရုံအတွင်းရှိ စက်ယန္တရားအချို့နှင့် အဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရပြီး လူထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

စစ်ကော်မရှင်သည် ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း သံတွဲမြို့၊ ငပလီမြို့နှင့် ကမ်းခြေတစ်လျှောက်ရှိ နေရာများကို လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင် ရေတပ်စစ်သင်္ဘောများကလည်း သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ရှိ ကမ်းရိုးတန်းကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုထားပြီး ယင်းအခြေအနေကြောင့် ဒေသခံပြည်သူများအကြား လုံခြုံရေးစိုးရိမ်မှုများ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ