သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် လူ ၂၁၉ ဦး ငှက်ဖျားစစ်ဆေးရာ ၄၉ ဦး ပိုးတွေ့

AB News – ဇူလိုင် ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားသည့် ကျေးရွာနှစ်ရွာတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ငှက်ဖျားရောဂါ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို (၂) ရက်ဆက်တိုက် ဆောင်ရွက်ခဲ့ရာ စစ်ဆေးခံသူ စုစုပေါင်း ၂၁၉ ဦးအနက် ၄၉ ဦးတွင် ငှက်ဖျားရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ကျောက်တော်မြို့နယ်ရှိ ငှက်ဖျားရောဂါဖြစ်ပွားမှုများသည့် ငတံရံကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နှင့် ဇူလိုင် ၂၃ ရက်တို့၌ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ငှက်ဖျားရောဂါ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုရလဒ်များအရ ငတံရံကျေးရွာတွင် လူ ၁၂၃ ဦးကို စစ်ဆေးခဲ့ရာ ၄၁ ဦးတွင် ငှက်ဖျားရောဂါပိုး တွေ့ရှိခဲ့ပြီး၊ တောင်ပေါက်ကျေးရွာတွင် လူ ၉၆ ဦးကို စစ်ဆေးခဲ့ရာ ၈ ဦးတွင် ငှက်ဖျားရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါကျေးရွာနှစ်ရွာရှိ ဒေသခံများအား ဆေးစိမ်ခြင်ထောင်များ (Insecticide-Treated Mosquito Nets – ITNs) ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငှက်ဖျားရောဂါ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့၊ မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့နှင့် ရပ်ရွာကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယင်းကဲ့သို့ ငှက်ဖျားရောဂါ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းစဉ်များကို ရက္ခိုင်ပြည်အတွင်းရှိ အခြားကျေးရွာများနှင့် မြို့နယ်များတွင်လည်း ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ