AB News – ဇူလိုင် ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် ARSA၊ RSO အဖွဲ့များက ထောင်ထားခဲ့သည့် M-14 အမျိုးအစား မြေမြှုပ်မိုင်း ၆၇ လုံးကို အာရက္ခတပ်တော် AA က ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း တွေ့ရသည်။
အာရက္ခတပ်တော် AA မှ ဇူလိုင်လ (၂၅) ရက်နေ့ နံနက် (၇) နာရီမှ နေ့လယ် (၁) နာရီအထိ ၁ ရက်တာအတွင်း မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ခဲ့စဉ် မြေမြှုပ်မိုင်း (၆၇) လုံးအား ရှင်းလင်းနိုင်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
AA ၏ မိုင်းရှင်းလင်းရေးအဖွဲ့သည် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီမှ နေ့လယ် ၁ နာရီအထိ မောင်တောမြို့နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြေမြှုပ်မိုင်း ၆၇ လုံးကို ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။
မောင်တောမြို့နယ်မှ မူဆလင်ကျေးရွာများဖြစ်ကြသည့် ဇူလာ၊ ဟိုရီတာလာ၊ အေတာလီယာ နှင့် ဇာင်တီလာ စသည့် ကျေးရွာများသို့ သွားလာသော ရွာချင်းဆက်လမ်းများတစ်လျှောက် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ရာ M-14 အမျိုးအစား မြေမြှုပ်မိုင်း (၆၇) လုံးကို ရှာဖွေရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
အဆိုပါ မိုင်းများသည် တိုက်ပွဲကာလအတွင်းက စစ်ကော်မရှင်တပ်နှင့် အကြမ်းဖက်မူဆလင် လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသော ARSA၊ RSO တို့က ပူးပေါင်းထောင်ထားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ကလည်း မောင်တောမြို့နယ်အတွင်း မြေမြှုပ်မိုင်း ၃၅ လုံးကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း ဖြစ်ပွားခဲ့သည့် စခန်းဟောင်းများနှင့် တောတောင် လမ်းဘေးနေရာများတွင် အာရက္ခတပ်တော် AA က မိုင်းရှင်းလင်းရေးနှင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်တိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အာရက္ခတပ်တော်၏ မိုင်းရှင်းလင်းရေးတပ်ဖွဲ့များသည် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်ကာ ယခင်တိုက်ပွဲ ပြင်းထန်ခဲ့သည့် နေရာများကို ဦးစားပေးရှင်းလင်းနေခြင်းဖြစ်သည်။
မောင်တောမြို့ကို သိမ်းပိုက်ပြီးချိန်မှစ၍ ယခုအချိန်ထိ အာရက္ခတပ်တော် AA မှ မောင်တောခရိုင်အတွင်း မြေမြှုပ်မိုင်းပေါင်း ထောင်နှင့်ချီ၍ ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

