
AB News – ဇူလိုင် ၂၇၊ ၂၀၂၆
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ခေါင်းဆောင်များသည် ဇူလိုင် ၂၃ ရက်တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း SCEF က ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါတွေ့ဆုံပွဲတွင် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ် နှင့် ULA/AA ဥက္ကဋ္ဌ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲအတွင်း အာရက္ခဒေသ၌ လက်ရှိကြုံတွေ့နေရသည့် ရေဘေးအခြေအနေများနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိရောက်စွာပေးအပ်နိုင်ရေး၊ ရေဘေးလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်ရှိနိုင်ငံရေးအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ်နိုင်ငံရေးမျှော်မှန်းချက်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
SCEF ဘက်မှလည်း အဖွဲ့အစည်း၏ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ မူဝါဒများ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲကို SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က နိဂုံးချုပ်အမှာစကား ပြောကြားကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း SCEF ၏ ထုတ်ပြန်ချက်အရ သိရသည်။