သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် ULA/AA တပ်ဖွဲ့ဝင် ၇ ဦးနှင့် ကျောင်းသား ၁၄ ဦး အပါအဝင် မူးယစ်ဆေးဝါးအမှုဖြင့် ၇၇ ဦး ကို DLEPS ဖမ်းဆီး

AB News- ဇူလိုင် ၂၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချမှုများနှင့် ဆက်စပ်၍ ULA/AA တပ်ဖွဲ့ဝင် ၇ ဦးနှင့် ကျောင်းသား ၁၄ ဦး အပါအဝင် စုစုပေါင်း ၇၇ ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က တလခွဲအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် ULA/AA တပ်ဖွဲ့ဝင် ၇ ဦး၊ ကျောင်းသားလူငယ် ၁၄ ဦး ပါဝင်ပြီး အမျိုးသား ၅၆ ဦးနှင့် အမျိုးသမီး ၂၁ ဦး တို့ပါဝင်ကြောင်း သိရသည်။

“ဇွန် ၂ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ တစ်လခွဲအတွင်း မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူ စုစုပေါင်း ၇၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ကျောက်တော်မြို့နယ် DLEPS စခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

DLEPS သည် အာရက္ခဒေသအတွင်း မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေပြီး ဇူလိုင်လအတွင်း ရက်အလိုက် စစ်ဆင်ရေးများပြုလုပ်ကာ သုံးစွဲသူနှင့် ရောင်းချသူများကို ဆက်တိုက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၇ ရက်တွင် ရောင်းချသူ အမျိုးသမီး ၁ ဦး၊ ဇူလိုင် ၁၅ ရက်တွင် ရောင်းချသူ အမျိုးသမီး ၁ ဦးနှင့် သုံးစွဲသူ ကျောင်းသား ၁ ဦး အပါအဝင် ၄ ဦး၊ ဇူလိုင် ၉ ရက်တွင် ရောင်းချသူ ၈ ဦးနှင့် သုံးစွဲသူ ၁၁ ဦး၊ ဇူလိုင် ၈ ရက်တွင် ရောင်းချသူ ၁ ဦးနှင့် ကျောင်းသား ၇ ဦးအပါအဝင် သုံးစွဲသူ ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဇူလိုင် ၇ ရက်တွင် ရောင်းချသူ အမျိုးသမီး ၂ ဦး၊ ဇူလိုင် ၅ ရက်တွင် ရောင်းချသူ အမျိုးသား ၁ ဦး၊ ဇူလိုင် ၄ ရက်တွင် ရောင်းချသူ အမျိုးသား ၁ ဦး၊ ဇူလိုင် ၃ ရက်တွင် ရောင်းချသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦးနှင့် သုံးစွဲသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ဇူလိုင် ၂ ရက်တွင် သုံးစွဲသူ အမျိုးသား ၂ ဦး၊ ဇူလိုင် ၁ ရက်တွင် သုံးစွဲသူ အမျိုးသား ၁ ဦး၊ ဇွန် ၃၀ ရက်တွင် ရောင်းချသူ အမျိုးသမီး ၄ ဦးနှင့် ကျောင်းသား ၁ ဦးအပါအဝင် သုံးစွဲသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး၊ ဇွန် ၂၉ ရက်တွင် သုံးစွဲသူ ULA/AA တပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် အမျိုးသား ၇ ဦး၊ ဇွန် ၂၀ ရက်တွင် သုံးစွဲသူ အမျိုးသား ၁ ဦး၊ ဇွန် ၁၉ ရက်တွင် သုံးစွဲသူ ULA/AA တပ်ဖွဲ့ဝင် ၁ ဦးနှင့် ဇွန် ၂ ရက်တွင် သုံးစွဲသူ ကျောင်းသား ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း DLEPS က ဆိုသည်။

ထို့ကြောင့် ကျောက်တော်မြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ ရက်ပေါင်း ၄၆ ရက်အတွင်း မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူ ၇၇ ဦးကို DLEPS က ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးမှုများအတွင်း မူးယစ်ဆေးရောင်းချသူများထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ခန့်နှင့် ငွေကျပ် ၁၉၇၆၀၀၀ ကျပ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမှုများနှင့် ဆက်စပ်သူများကို ဆက်လက်စုံစမ်းနေပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူတရားစွဲဆိုသွားမည်ဖြစ်ကြောင်း DLEPS က ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ