AB News – ဇူလိုင် ၁၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ရွှေရချိုင်ကျေးရွာ ကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် လေကြောင်းမှ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့၊ ဇူလိုင်လ (၁၇) ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ နှစ်စီးသည် ဂွမြို့နယ်၊ ရွှေရချိုင်ကျေးရွာသို့ စုစုပေါင်း ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ်က ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် ဂွမြို့နယ်၊ ရွှေရချိုင်ကျေးရွာရှိ စာသင်ကျောင်းနောက်ဘက် ကမ်းခြေအုန်းခြံအတွင်းသို့ ဗုံးတစ်လုံး ကြဲချခဲ့သည်။
ထို့နောက် ညနေ ၄ နာရီ ၅၅ မိနစ်မှ ၅ နာရီ ၃ မိနစ်အတွင်း အဆိုပါရွှေရချိုင်ကျေးရွာမှ ဒေသခံ ကိုမြတ်သူ ပိုင်ဆိုင်သည့် အုန်းခြံအတွင်းသို့ ဗုံးနှစ်လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့ စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေရချိုင်ကျေးရွာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး ရွာခံ ကိုစိုးကျော်သူ ပိုင်ဆိုင်သည့် နွားမတစ်ကောင်လည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။
ရက္ခိုင်တောင်ပိုင်းဒေသများသို့ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်သည် ရှေ့တန်းစစ်မျက်နှာပြင်များတွင်သာမက စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများကိုပါ ဂျက်ဖိုက်တာများနှင့် Y-12 ထောက်ပို့လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။
Photo -GEM






